MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲ  သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရရှိသည့်ကွင်းဝင်ကြေးများကို ရေဘေးသင့်ပြည်သူများထံ လှူဒါန်းမည်

ရန်ကုန်   ဩဂုတ်   ၂၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က စီစဉ်ကျင်းပမည့် MFF Charity Shield 2026 ရန်ပုံငွေ  ကွင်းဖွင့်ဖလားပွဲကို သြဂုတ် ၂၅ ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌  ကျင်းပမည်ဖြစ်ပြီး ၂၀၂၅ -၂၀၂၆ ရာသီ MNL အမှတ်ပေးချန်ပီယံ  ရှမ်းယူနိုက်တက်အသင်းနှင့် MNL League Cup   ချန်ပီယံ  ရန်ကုန်ယူနိုက်တက်အသင်းတို့  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်း၏ ရာသီကြိုအားပြိုင်မှုမတိုင်မီ နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ကံစမ်းမဲအစီအစဉ်များပါ  ထည့်သွင်းထားပြီး ကွင်းဝင်ကြေးအဖြစ် အထူးတန်းကျပ် ငါးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင် သတ်မှတ်ထားသည်။ ရရှိသည့် ကွင်းဝင်ကြေးအားလုံးကို ရေဘေးသင့်ပြည်သူများထံ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။  မြန်မာနေရှင်နယ်လိဂ်သည် ရာသီကြို ရန်ပုံငွေကွင်းဖွင့်ဖလားပွဲကို ၂၀၂၀  ပြည့်နှစ်တွင်  နောက်ဆုံး ကျင်းပပြီးနောက်  ယခုနှစ်မှ ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့်   ရန်ကုန်ယူနိုက်တက်အသင်းသည် နောက်ဆုံးလေးကြိမ် ဆက်တိုက်တွေ့ဆုံခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် လေးကြိမ်တွေ့ဆုံထားပြီး  ရှမ်းယူနိုက်တက်အသင်းက  သုံးကြိမ်အနိုင်ရကာ  ရန်ကုန်ယူနိုက်တက်အသင်းက   တစ်ကြိမ်အနိုင်ရထားသည်။   MFF   Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲကို ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ  ကျင်းပခဲ့ပြီး ယင်းကိုးကြိမ်တွင်  ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက သုံးကြိမ်စီ၊  ဧရာဝတီယူနိုက်တက်အသင်းက နှစ်ကြိမ်၊ မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲကစားမည့် နှစ်သင်းစလုံးမှာ ယခုရာသီတွင် ပြည်ပပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သလို ရာသီကြိုပြင်ဆင်မှုများစွာပြုလုပ်ထားသည့် အသင်းများလည်းဖြစ်သည်။  ရှမ်းယူနိုက်တက် အသင်းသည် နည်းပြချုပ်သစ်အဖြစ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးအောင်ခိုင်ကို ခန့်အပ်ထားသလို နိုင်ငံခြားသားကစားသမားသစ် ခြောက်ဦး၊ လက်ရွေးစင်ကွင်းလယ် ကစားသမားများဖြစ်သည့် ကျော်မင်းဦး၊ လွင်မိုးအောင် အပါအဝင် ပြည်တွင်း ကစားသမားသစ်ခြောက်ဦး ခေါ်ယူထားသည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း အာဂျင်တီးနားနိုင်ငံသား မာဆယ်လိုကို နည်းပြချုပ်အဖြစ် ခန့်အပ်ထားသလို နိုင်ငံခြားသားကစားသမားသစ် ခြောက်ဦး၊ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်း၊ သန်းပိုင်အပါအဝင် ပြည်တွင်းကစားသမားသစ်များ ခေါ်ယူထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်