မင်းဘူး ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲကို ဩဂုတ် ၂၂ ရက်က ကန်ရေ(၁) ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်၊ သင်တန်းထွက်ကုန်ချောပစ္စည်းများနှင့် ထူးချွန်ဆုရ သင်တန်းသူငါးဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သည်။
အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်ဆုရ သင်တန်းသူငါးဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို သုံးစွဲခွင့်ပြု၍ အသေးစားလုပ်ငန်းရှင်များ ဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


