နေပြည်တော် ဩဂုတ် ၂၃
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းပါဝင်လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့ ငွေတောင်တောရ ကျောင်းတိုက်၌ ပြုလုပ်ရာ တပ်ကုန်းမြို့ မြို့ရှေ့ စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြ သည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာကြားကြသည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး သိန်းထူး၊ ဒုတိယစစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ် မျိုးအောင်လတ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးများကို တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိနှင့် ဆရာတော်သံဃာတော်များထံ စစ်ရေးချုပ်က ဦးဆောင်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၉ ကျောင်း၊ သီလရှင်ကျောင်း ကိုးကျောင်းနှင့် သဒ္ဒါဓိကဘိုးဘွား ရိပ်သာတို့အတွက် လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၄၂၉ သိန်း ၃ သောင်း ၆ ထောင်ကျပ်၊ ဆန် ၅၆၇ အိတ် ၈ ပြည် ၊ ဆီ ၁၆၇ ပိဿာ ၈၀ ကျပ်သား၊ ဆား ၁၆၇၈ ပိဿာ၊ ပဲ ၁၆၇၈ ပိဿာ၊ တိုင်းရင်းဆေးမျိုးစုံ ၂၂၄၁ ဘူး၊ နိုင်ငံခြားဆေးမျိုးစုံ နှစ်ခြင်း၊ ဘားမားကော်ဖီ ငါးဖာ၊ Shark အချိုရည် တစ်ဖာတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


