နေပြည်တော် သောက်ရေသန့်လုပ်ငန်းရှင်များအသင်း စားသုံးသူအခွင့်အရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၂၃

 

နေပြည်တော် သောက်ရေသန့် လုပ်ငန်းရှင်များ အသင်းက ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်၊ အရည်အသွေးထိန်းသိမ်းခြင်း၊ စားသုံးသူ အခွင့်အရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့ သုခစိုး ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော် သောက်ရေသန့် လုပ်ငန်းရှင်များ အသင်း နာယကဦးသန်းစိုးနှင့် ဥက္ကဋ္ဌ ဦးမိုးကျော်တို့က အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ တာဝန်ရှိသူများက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ ဥပဒေအကြောင်း သိကောင်းစရာများ၊ ဈေးကွက် ယှဉ်ပြိုင်မှုနှင့် ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ၊ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့် ထုတ်ကုန်အရည် အသွေးထိန်းသိမ်းခြင်း အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာသည့် သောက်ရေသန့်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း