ဧရာဝတီအသင်း ခြေစစ်ပွဲအုပ်စုသုံးပွဲစလုံး အနိုင်ကစားပြီး အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲအောင်မြင်

ရန်ကုန်   ဩဂုတ်   ၂၃

၂၀၂၆ - ၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စု (F) နောက်ဆုံးနေ့ကို သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ဧရာဝတီအမျိုးသမီးအသင်း အုပ်စုသုံးပွဲစလုံး အနိုင်ကစားပြီး ခြေစစ်ပွဲ အောင်မြင် ခဲ့သည်။

မြန်မာကလပ် ဧရာဝတီအသင်းသည်  ခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးပွဲအဖြစ် တရုတ်(တိုင်ပေ)ကလပ် နယူးတိုင်ပေ စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ဂိုးကွာခြားချက် အသာရထားသဖြင့် သရေကစားနိုင်ရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သော်လည်း အုပ်စုသုံးပွဲစလုံး အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ နယူးတိုင်ပေစီးတီးအသင်းသည် အနိုင်ကစားနိုင်မှ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သောကြောင့် အားကုန်ထုတ်ကစားခဲ့သော်လည်း  ဧရာဝတီအသင်းက အိမ်ကွင်းပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ အကောင်းဆုံးတုံ့ပြန်ကာ ရာနှုန်းပြည့် နိုင်ပွဲရယူခဲ့ခြင်းဖြစ်သည်။

ဧရာဝတီအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဂျပန်ကစားသမား ငါးဦးနှင့်အတူ  အိစန္ဒာဇော်(ဂိုး)၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ ဇင်မိုးပြည့်၊ မေထက်လူ၊ နော်ထက်ထက်ဝေတို့ကို အသုံးပြုခဲ့သည်။ ပွဲအစပိုင်းတွင် နယူးတိုင်ပေစီးတီးအသင်းက ဂိုးရရန် ကြိုးပမ်းသော်လည်း  ဧရာဝတီအသင်းက  ပြန်လည်ထိန်းချုပ်ကာ ၁၅ မိနစ် နောက်ပိုင်းတွင် ပိုဖိကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင် ဧရာဝတီအသင်း ဂိုးရနိုင်သည့်အခွင့်အရေးအချို့ရသော်လည်း အသုံးမချနိုင်ခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းအစတွင် ဧရာဝတီအသင်းက ဇင်မိုးပြည့် အစား လင်းမြင့်မိုရ်ကိုထည့်ကာ တိုက်စစ်မြင့်ခဲ့ပြီး  ၅၆  မိနစ်တွင်  လင်းမြင့်မိုရ်က  တစ်လုံးတည်းသော  အနိုင်ဂိုးသွင်းယူခဲ့သည်။

ဧရာဝတီအသင်းသည် အုပ်စုသုံးပွဲကစားရာတွင် သုံးပွဲစလုံးအနိုင်ရပြီး ရမှတ်ကိုးမှတ်ဖြင့် အုပ်စုပထမရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် စင်ကာပူကလပ် FC Jurong အသင်းကို လေးဂိုး-ဂိုးမရှိ၊ လက်ဘနွန်ကလပ် No Limits အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေစီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်