သစ်တောမောင်
ပုလဲ
“ပုလဲ” (Pearl) သည် ရှေးခေတ် မြန်မာအပါအဝင် အာရှယဉ်ကျေးမှုများတွင် အလွန်တန်ဖိုးထား မြတ်နိုးကြသည့် နဝရတ် ၉ ပါး (ရတနာ ၉ မျိုး)တွင် အပါအဝင်အဖြစ်သည်။ ပုလဲသည် မြေထု အတွင်းမှ တူးဖော်ရရှိသည့် ကျောက်မျက် ရတနာများ၊ သတ္တုတွင်းထွက်များနှင့် မတူဘဲ သက်ရှိဇီဝမှ မွေးဖွားလာသော ရတနာဖြစ်ပါသည်။
ပုလဲသည် အခွံမာသတ္တဝါများ၏ ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းဖြစ်ပေါ်လာသော ရတနာတစ်ပါးဖြစ်ပါသည်။ တစ်နည်းအားဖြင့် Mollusk တို့၏ အခွံမာအတွင်းပိုင်း တည်ဆောက်ရာတွင် ခန္ဓာကိုယ်မှ စစ်ထုတ်ပို့ချသည့် ပုလဲအလွှာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပုလဲလွှာသည် (၀ ဒသမ ၀၀၀၃)မှ (၀ ဒသမ ၀၀၀၅) မီလီမီတာခန့် အထူရှိပြီး မွေးမြူပုလဲတစ်လုံးသည် အနည်းဆုံး ပုလဲလွှာပေါင်း တစ်ထောင်လွှာမှ ခြောက်ထောင်ကျော်အထိနှင့် ပုလဲသား အထူ (၀ ဒသမ ၅ မီလီမီတာ)မှ (၇ မီလီ မီတာ)ခန့် ရှိပါသည်။ နိုင်ငံတကာတွင် ပုလဲ၏ အလေးချိန်ကို ခြင်တွယ်ရာတွင် Momme (မိုမီ)ကို အသုံးပြုပြီး တစ်မိုမီ သည် ၃ ဒသမ ၇၅ ဂရမ်/၁၈ ဒသမ ၇၅ ကာရက် / ၂၀ ဒသမ ၆၂၅ ရတီနှင့် ညီမျှပါသည်။ ပုလဲ၏ အရွယ်အစားကို ဖော်ပြရာတွင် အချင်းကို မီလီမီတာဖြင့် တိုင်းတာလေ့ရှိသည်။
နဝရတ် ၉ ပါးအနက် စိန်သည် မာကျောမှုအမြင့်ဆုံး ၁၀ ဖြစ်ပြီး ပုလဲသည် မာကျောမှုအဆင့် ၂ ဒသမ ၅ မှ ၄ ဒသမ ၅ အတွင်းသာရှိသဖြင့် နဝရတ် ၉ ပါးအနက် အလွန်နူးညံ့ဆုံးသော ပစ္စည်းဖြစ်သည်။ ပုလဲသည် စိန်ကဲ့သို့ သတ္တုဓာတ်ခရစ္စတယ်(mineral crystal) တစ်မျိုးတည်းမဟုတ်ဘဲ ခရု/ကမာကောင် မျိုးနွယ်များ၏ ကိုယ်တွင်းတွင် ဖြစ်ပေါ်သော သက်ရှိမှဖြစ်သော ရတနာ (biogenic gemstone)ဖြစ်သည်။ အဓိကအားဖြင့် ထုံးကျောက် Calcium Carbonate (CaCO3)ကို အာဂိုနိုက် ခရစ္စတယ် (aragonite crystal) အလွှာငယ်များအဖြစ် ဖွဲ့စည်းထားသည်။ ပုလဲအလွှာတွင် ယေဘုယျအားဖြင့် ထုံးကျောက်ကယ်လဆီယမ် ကာဗွန်နိတ် (CaCO3-Aragonite) ၉၃ ရာခိုင်နှုန်း၊ ကွန်ချီအိုလင် (Conchiolin) ၅ ရာခိုင်နှုန်းနှင့် ရေနှင့် အခြားသတ္တုဓာတ် ကယ်လဆီ ယမ်အောက်ဆိုက် အနည်းငယ် ၂ ရာခိုင် နှုန်းခန့် ပါဝင်ပါသည်။
ပုလဲများကို အဓိကအားဖြင့် သဘာဝပုလဲ (Natural Pearl) နှင့် မွေးမြူပုလဲ (Cultured Pearl) ဟူ၍ ခွဲခြားနိုင်ပါသည်။ သဘာဝပုလဲသည် လူတို့က ဝတ်ဆံလုံး (nucleus) ထည့်သွင်းမွေးမြူခြင်းမရှိဘဲ သဘာဝအတိုင်း ကမာ သို့မဟုတ် Mollusk အတွင်းတွင် ဖြစ်ပေါ်လာသော ပုလဲဖြစ်သည်။ ယနေ့ခေတ်တွင် သဘာဝပုလဲများသည် အလွန်ရှားပါးသောကြောင့် အရည်အသွေးကောင်းမွန်ပြီး သမိုင်း တန်ဖိုးရှိပါက အလွန်မြင့်မားသော ဈေးနှုန်းရရှိနိုင်သည်။
မွေးမြူရေးပုလဲများကို ကမာ မျိုးစိတ်၊ ပင်လယ်/ရေချိုပတ်ဝန်းကျင်နှင့် ထုတ်လုပ်သည့် ဒေသအလိုက် ထပ်မံ ခွဲခြားနိုင်ပါသည်။ ကမာ သို့မဟုတ် Mollusk အတွင်းသို့ ဝတ်ဆံလုံး (nucleus) နှင့် တစ်သျှူးဆက်သားစ (Saibo) ထည့်သွင်းပြီး ပုလဲဖြစ်ပေါ်လာစေရန် ထိန်းချုပ်မွေးမြူထားသော ပုလဲသည် မွေးပုလဲဖြစ်သည်။ မုတ်ကောင်များကို အိတ်၊ ခြင်း၊ အကာအကွယ်ကွန်များနှင့် တွဲချိတ်ထားပြီး ရေပေါ်/ရေအောက် ကြိုးတန်းရှည်များမှတစ်ဆင့် ပင်လယ်ရေထဲတွင် ကြိုးတန်းရှည်စနစ် (Long-line system) ဖြင့် မွေးမြူကြသည်။
ပုလဲမွေးမြူနိုင်သော မုတ်ကောင်သည် ခရု၊ ဂုံး၊ ယောက်သွား၊ ကမာ စသည်တို့ ပါဝင်သော Mollusk မျိုးနွယ်စုတွင် ပါဝင်သည့် သတ္တဝါဖြစ်သည်။ ပုလဲမွေးမြူသည့် မုတ်ကောင်များသည် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ကောင်းမွန်သော ရေကြည်၊ ရေသန့်သော သန္တာကျွန်းစုများ၊ သန္တာရေအိုင်များတွင် ဖြစ်ထွန်းသည်။ ပုလဲ၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်၊ ပွင့်ရည်၊ မျက်နှာ ပြင်၊ ပုလဲသားအထူနှင့် လိုက်ဖက်မှုတို့သည် ပုလဲတစ်လုံး၏ တန်ဖိုးဖြစ်စေသော အချက်များဖြစ်သည်။ ယနေ့ကမ္ဘာ့ပုလဲ ဈေးကွက်တွင် မွေးပုလဲများက အဓိက နေရာယူထားသည်။
ပုလဲအမျိုးအစားများ
မွေးမြူပုလဲများကို အဓိကအားဖြင့် အကိုယာပုလဲ (Akoya Pearl) (Pinctada fucata), တောင်ပင်လယ်ပုလဲ (South Sea Pearl) (Pinctada maxima), ပုလဲနက် (Pinctada margaritifera) (Tahitian Pearl)နှင့် ရေချိုပုလဲ (Fresh-water Mussel Pearl) ဟူ၍ ခွဲခြားနိုင်ပါသည်။ တောင်ပင်လယ်ပုလဲ (South Sea Pearl) သည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသော အမျိုးအစားဖြစ်ပြီး အဓိကအားဖြင့် Pinctada maxima ပုလဲကမာမှ ထုတ်လုပ်သည်။ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့သည် အဓိကထုတ်လုပ် သည့် နိုင်ငံများဖြစ်ပြီး မလေးရှားနိုင်ငံမှ အနည်းငယ် ထုတ်လုပ်လျက်ရှိပါသည်။ ပုလဲများအတွက် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အိန္ဒိယနှင့် အရှေ့ တောင်အာရှတို့သည် အရေးကြီးသော ဈေးကွက်များဖြစ်သည်။
ပုလဲမွေးမြူရေးအတွက် အရေးပါသည့် သစ်တောဂေဟစနစ်
ပုလဲမွေးမြူသည့် မုတ်ကောင်သည် ပင်လယ်ရေထဲမှ အစာအာဟာရများကို စစ်ထုတ်စားသုံးသည့် သတ္တဝါဖြစ်သဖြင့် ပင်လယ်ရေအရည်အသွေးသည် အဆိုပါ မုတ်ကောင်များ၏ ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ ပုလဲမွေးမြူရာတွင် အောင်မြင်ဖြစ်ထွန်းရန် သဘာဝပတ်ဝန်းကျင် အထောက်အပံ့ ကောင်းများစွာ လိုအပ်ပါသည်။
ပုလဲမွေးမြူရေးအတွက် အရေးကြီးသော သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်ရေအခြေအနေများမှာ လှိုင်းလေ အကာအကွယ်ရသည့် နေရာဖြစ်ခြင်း၊ ရေစီးရေလာကောင်းမွန်ခြင်း၊ ရေကြည်လင်ခြင်း၊ ရေထုညစ်ညမ်းမှုနည်းခြင်း၊ နုန်းနှင့် အညစ်အကြေးများ အလွန်အကျွံမရှိခြင်း၊ အောက်ဆီဂျင်လုံလောက်ခြင်း၊ ဆားဓာတ်သင့်တော်ပြီး ရေငန်နှုန်း တည်ငြိမ်ခြင်း၊ ရေအပူချိန်တည်ငြိမ်ခြင်း၊ မုတ်ကောင်အစာဖြစ်သော အစာအာဟာရနှင့် အပင်မျှောလှေးများ (Phytoplan-kton) ပေါကြွယ်ဝခြင်း၊ သင့်လျော်သည့် ရေအတိမ်အနက်ရှိခြင်းနှင့် ရေပြင် အကျယ်အဝန်းရှိရန် လိုအပ်ခြင်း၊ လူများအခြေချနေထိုင်သည့် ကျေးရွာများနှင့် ဝေးကွာရန် လိုအပ်ခြင်း၊ ရေချိုရပြီး စခန်းတည်ဆောက်ရန် မြေပြန့်နေရာရှိသော ကုန်းမြေလိုအပ်ခြင်း၊ သွားလာ ရေးလွယ်ကူသောနေရာဖြစ်ခြင်း စသည့် အချက်များကို အလေးထား နေရာရွေးချယ် ဆောင်ရွက်ကြရပါသည်။
ကုန်းမြေပေါ်ရှိ သစ်တောများနှင့် ကမ်းရိုးတန်းဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ်အကြားတွင် သဘာဝအကာအကွယ်တစ်ခုကဲ့သို့ လုပ်ဆောင်ပေးပြီး ပင်လယ်ရေအရည်အသွေးကို ထိန်းသိမ်း ပေးသည့် သဘာဝစနစ်တစ်ခုဖြစ်သဖြင့် ပုလဲမွေးမြူရေးအတွက် အထူးအရေးပါ သောကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သစ်တောများမှ ကြွေကျသော သစ်ရွက်နှင့် သစ်ကိုင်းများ ဆွေးမြည့်ရာမှ မြေဆီလွှာအာဟာရဓာတ်များ ဖြစ်ပေါ်လာသည်။ ထိုအာဟာရများ မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သောအခါ ပုလဲကမာကောင်များ၏ အဓိကအစာဖြစ်သည့် အဏုဇီဝရေညှိ သို့မဟုတ် အပင်မျှောလှေးများကို ပေါများစေသည်။ ဒီရေတောများသည် ပင်လယ်ရေအပူချိန် လွန်ကဲစွာ ပြောင်းလဲခြင်းမှ ကာကွယ်ပေးပြီး အပူချိန်ထိန်းညှိပေးသည်။ လေမုန်တိုင်း ဒဏ်ကို သက်သာစေကာ ရေပြင်တည်ငြိမ်စေပါသည်။ ပင်လယ်ကွေ့များ အတွင်းသို့ စီးဝင်သည့် ရေချိုပမာဏကို ထိန်းညှိပေးသည်။
ပုလဲမွေးမြူသော ရေပြင်ပတ်ဝန်းကျင်တွင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ ဝင်ရောက်လာမည့် မြေမှုန်၊ နုန်းနှင့် ပလတ်စတစ်အမှိုက်များအပါအဝင် အခြားအညစ်အကြေးများကို ကုန်းမြေပေါ်ရှိ သစ်တောများ၊ ဒီရေတောများက တားဆီးလျှော့ချပေး ပါသည်။ သစ်တောများ ဖုံးလွှမ်းနေသော မြေပြင်သည် မိုးရေကို စုပ်ယူထိန်းသိမ်းပေးပြီး သစ်ပင်များ၏ အမြစ်များက မြေဆီလွှာကို ခိုင်မြဲစွာ ထိန်းထားသောကြောင့် မြေဆီလွှာတိုက်စားမှု လျော့နည်းစေပါသည်။
ဒီရေတောများ၏ အမြစ်များသည် မြစ်များမှ စီးဆင်းလာသော နုန်းနှင့်မြေမှုန်များကို တားဆီးပေးနိုင်သည်။ ထို့ပြင် လှိုင်းဒဏ်နှင့် မုန်တိုင်းဒဏ်ကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချ ပေးနိုင်သည်။ ဒီရေတောများသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် အခြားရေနေသတ္တဝါ များအတွက် သားပေါက်နှင့် ကြီးထွားရာ နေရာများလည်းဖြစ်သည်။ ဒီရေတောများ ကျန်းမာကောင်းမွန်နေပါက ကမ်းရိုးတန်း ဂေဟစနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကို အထောက်အကူပြုပါသည်။ ပုလဲ မွေးမြူရေးဧရိယာများရှိ ပင်လယ်ရေ၏ အရည်အသွေး ကောင်းမွန်စေရန်နှင့် ထိန်းသိမ်းရန်အတွက်လည်း အကျိုးပြုပါသည်။
ကုန်းမြေပေါ်ရှိ သစ်တောများနှင့် ကမ်းရိုးတန်းသစ်တောများကို အလွန်အကျွံ ခုတ်ထွင်ပါက မြေဆီလွှာတိုက်စားမှု ပိုမိုဖြစ်ပေါ်လာနိုင်ပြီး ထိုမြေမှုန်များသည် မြစ်များမှတစ်ဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပင်လယ်ထဲသို့ ရောက်ရှိလာပြီး နုန်းများ၊ အမှုန်အမွှားများ၊ အညစ် အကြေးများကြောင့် ရေနောက်ကျိပြီးရေကြည်လင်မှုကို လျော့ကျစေနိုင်သည်။ ထိုအခြေအနေသည် ပုလဲကမာများ၏ ကျန်းမာရေးနှင့် ကြီးထွားမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင် သည်။ ပင်လယ်ရေထဲသို့ ပလတ်စတစ်၊ အိမ်သုံးအညစ်အကြေး၊ စက်ရုံစွန့်ပစ်ရေ၊ စိုက်ပျိုးရေးဓာတုပစ္စည်းများ စသည်တို့ အလွန်အကျွံ ဝင်ရောက်လာပါက ပုလဲကမာများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဥပမာ တောင်ပင်လယ်ပုလဲ ပုလဲတစ်လုံးဖြစ်တည်လာရန် လေးနှစ်အထိ ကြာမြင့်တတ်ပါသည်။
ထိုအချိန်ကာလအတွင်း ပတ်ဝန်းကျင်ဂေဟစနစ် အနည်းငယ်ပြောင်းလဲ ဖောက်ပြန်ရုံမျှဖြင့် ပုလဲ၏ အရောင်အသွေးနှင့် ပုလဲသား (Nacre) အရည်အသွေး၊ ပုလဲကြီးထွားမှု၊ မျက်နှာပြင် ချောမွေ့မှုများနှင့် ခွဲစိတ်ထည့်သွင်းထားသော ဝတ်ဆံလုံးများကို မုတ်ကောင်၏ ခန္ဓာကိုယ်မှ ပြန်လည်စွန့်ထုတ်ပစ်ခြင်း တို့ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး ပုလဲမုတ်ကောင်များကိုလည်း ရောဂါကျရောက်ခြင်းများ၊ သေဆုံးခြင်းများကို ဖြစ်ပွားနိုင်ပြီး ဆုံးရှုံးမှုများစွာ ရင်ဆိုင်ရနိုင်ပါသည်။
ထို့ကြောင့် ပုလဲမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ပင်လယ်ညစ်ညမ်းမှုကို လျှော့ချရန် အလွန်အရေးကြီးသည်။ ထို့ကြောင့် ပုလဲမွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်ရန် ပုလဲ မွေးမြူရေးသက်သက်ကိုသာ အာရုံစိုက်ခြင်းထက် ပတ်ဝန်းကျင်ရှိ ဂေဟစနစ် တစ်ခုလုံးနှင့် အခြားမျိုးစိတ်များ အစားထိုးခြင်းမပြုဘဲ ဒေသမျိုးရင်းအပင်များ၊ ရေနေသတ္တဝါများ တည်ငြိမ်ကောင်းမွန်ရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ။
(ဆက်လက်ဖော်ပြပါမည်)


