အမေရိကန်၏ “စီးပွားရေးအကြမ်းဖက်မှု” သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအား ခြိမ်းခြောက်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

တီဟီရန် ဩဂုတ် ၂၃

အမေရိကန်၏ “စီးပွားရေးအကြမ်းဖက်မှု”သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီက ပြောကြားသည်။

 အီရန်နိုင်ငံအား အကူအညီပေးသည့် မည်သည့်နိုင်ငံကိုမဆို အပြင်းထန်ဆုံး စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ဆောင်ရွက်မည်ဟု အမေရိကန်သမ္မတ ထရမ့်က ကြေညာပြီးနောက် ယခုမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းစစ်ပွဲသည် မကြုံစဖူးအတိုင်းအတာဖြင့် ဆောင်ရွက်သည့် စီးပွားရေးစစ်ပွဲဖြစ်ပြီး အရေးယူပိတ်ဆို့ခံရသည့် နိုင်ငံများအား  အထီးကျန်မှုဖြစ်စေလိမ့်မည်ဟု  ထရမ့်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့ပြီး ၎င်းလှုပ်ရှားမှုကို “စီးပွားရေး D-DAY” ဟု ခေါ်ဆိုခဲ့သည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဝါရှင်တန်အနေဖြင့် အကျပ်အတည်းမှ လွတ်မြောက်ရန်လမ်းကြောင်းပြောင်းခြင်းဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက  ပြောကြားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ