တာဝန်ကျေပြည်သူ့စစ်မှုထမ်းကောင်း အလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေး

နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စစ်ဌာနချုပ်များတွင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရသတ်မှတ်ကာလအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသော ပြည်သူ့စစ်မှုထမ်းများမှာလည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှစ၍ အပတ်စဉ်အလိုက် ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးမြောက်ခဲ့ကြသည်။

 

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ပြည်သူ့စစ်မှုထမ်းတာဝန် ဆက်လက်တာဝန်ထမ်းဆောင်လိုပါက ဆက်လက်ထမ်းဆောင်နိုင်ပြီး မိဘရပ်ထံတွင် မိသားစုနှင့်အတူ အေးချမ်းစွာနေထိုင်လိုပါက နေထိုင်နိုင်သည့်အခွင့်အရေးများရရှိနေပြီဖြစ်သည်။ ယခုအခါ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားသော “စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ” အနေဖြင့်လည်း တာဝန်ကျေပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သဖြင့် နေရပ်အသီးသီးသို့ပြန်ကြမည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက်ပေးနေသည်။ ကော်မတီသည် ပြည်သူ့စစ်မှထမ်းတာဝန်ကျေ အသိအမှတ်ပြုလက်မှတ်ရရှိထားသော နိုင်ငံ့သားကောင်းများအနက်မှ အတတ်ပညာများတတ်မြောက်လိုသည့် ပြည်သူ့စစ်မှုထမ်းဟောင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် တက်ရောက်ခွင့်ကိုဆောင်ရွက်ပေးနေပြီး အသိအမှတ်ပြုလက်မှတ်ရသင်တန်းများအဖြစ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့အပြင် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူများအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းများအဖြစ် လုပ်ကိုင်လိုသူများနှင့် မိမိတို့ရပ်ရွာများတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက နိုင်ငံပိုင်သတင်းစာများတွင် ဩဂုတ် ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်ရုံးနှင့် အလုပ်သမားဝန်ကြီးဌာန ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်။

 

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်။ ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်နိုင်ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြသည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) အထိ သင်တန်းဆင်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအသစ်များကိုလည်း အသုတ်လိုက် ဆက်လက်ဖွင့်လှစ်ပေးလျက်ရှိသည်။ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြုပြီး တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသူများလည်းရှိသည်။

 

မိမိတို့၏ဆန္ဒအလျောက် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးနောက် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ နိုင်ငံ့သားကောင်းတာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင် သို့မဟုတ် အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်ကပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သည့်အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများအနေဖြင့် နောင်ရေးစိတ်အေးစေရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ်လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့ရပ်ရွာများတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ရေးအတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” အနေဖြင့် အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။