ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါကူးစက်ပြန့်ပွားမှု မထိန်းချုပ်နိုင်သေးဟု WHO ပြော

ဂျီနီဗာ    ဩဂုတ်    ၂၀

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဝေးကွာနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ညွှန်ကြား ရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယက်ဆု က ပြောကြားသည်။

မေလအတွင်းမှ  စတင်ပျံ့နှံ့ခဲ့သည့် အဆိုပါဗိုင်းရပ်စ်သည် နိုင်ငံအတွင်း  ဆက်လက်ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည်။ ယင်းကာလအတွင်း  လူပေါင်း   ၅၀၀၀ နီးပါး ရောဂါကူးစက်ခံရပြီး ၂၃၀၀ ကျော် သေဆုံးခဲ့ရသည်။ ယခုတစ်ကြိမ်  ရောဂါဖြစ်ပွားမှုမှာ ယခင်အီဘိုလာကူးစက်မှုများထက် ပိုမိုလျင်မြန်ကြောင်း ဩဂုတ် ၁၈ ရက်က ပြုလုပ်သည့် ကျွမ်းကျင်သူများအစည်းအဝေးတွင်  တက်ဒရို့စ်က  ပြောကြားသည်။

လက်ရှိတွင် အီဘိုလာရောဂါကို ဖြစ်ပွားစေသော  ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်အတွက် ထိရောက်သော ကာကွယ်ဆေးမရှိသေးကြောင်း ထုတ်ပြန်ထားပြီး ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့်  ကျန်းမာရေးဝန်ထမ်းအင်အား တိုးမြှင့်ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆောင်ရွက်လျက်ရှိသည်။

လာမည့် သီတင်းပတ်များအတွင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ကျော်ကို တာဝန်ချထားပေးရန် ရည်ရွယ်ထားကြောင်း အရာရှိများက ပြောသည်။ ထို့ပြင်   လာမည့်လများအတွင်း  ဆေးရုံခုတင်အရေအတွက်ကိုလည်း ၃၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဆက်လက်ပြောကြားသည်။         

အင်န်အိတ်ချ်ကေ