ရန်ကုန် ဩဂုတ် ၂၀
၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲအုပ်စုမဲခွဲပွဲကို သြဂုတ် ၂၀ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (E) ၌ ကျရောက်ခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများသည် အရှေ့အာရှဇုန်၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုနှစ် AFC Challenge League ပြိုင်ပွဲတွင် မြန်မာကလပ်အသင်း နှစ်သင်းယှဉ်ပြိုင်ခွင့်ရထားပြီး လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဆင့်မှ တိုက်ရိုက်ကစားခွင့်ရပြီး MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှာမူ ခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစစ်ပွဲတွင် လာအိုကလပ်နှင့် တွေ့ဆုံနေပြီး အနိုင်ရပါက နောက်ဆုံးအဆင့် အုပ်စု(D)သို့ ကျရောက်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အရှေ့အာရှဇုန်တွင် အုပ်စုနှစ်ခု၊ အနောက်အာရှဇုန်တွင် အုပ်စုသုံးခု ပါဝင်မည်ဖြစ်သည်။ အရှေ့အာရှဇုန် အုပ်စုခွဲဝေ ထားမှုအရ အုပ်စု(D)တွင် ဘော်နီယို(အင်ဒိုနီးရှား)၊ One Taguig (ဖိလစ်ပိုင်)၊ တိုင်နန်စီးတီး (တရုတ်တိုင်ပေ)၊ ရန်ကုန်ယူနိုက်တက် (မြန်မာ)နှင့် Ezra (လာအို) ခြေစစ်ပွဲမှ အနိုင်ရအသင်း၊ အုပ်စု(E)တွင် ပါဆစ်ဘန်ဒေါင်း(အင်ဒိုနီးရှား)နှင့် မနီလာဒီဂါ(ဖိလစ်ပိုင်) AFC Champions League Two ခြေစစ်ပွဲမှ အရေးနိမ့်အသင်း၊ ရှမ်းယူနိုက်တက်(မြန်မာ)၊ ဟန်ယွမ်(တရုတ်တိုင်ပေ)၊ ကာဆူကာ(ဘရူနိုင်း)နှင့် ကာကီတူ(တီမော) ခြေစစ်ပွဲမှ အနိုင်ရအသင်းတို့ ပါဝင်နေသည်။
အရှေ့အာရှဇုန် အုပ်စုနှစ်ခုအနက် အုပ်စု(D)ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၊ အုပ်စု(E)ပွဲစဉ်များကို မြန်မာနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဆင့်မှ သုံးရာသီဆက်တိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-AFC


