တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၀

 

ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် အခြေပြုပြီး လုပ်ကိုင်နေမှုများကို ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၂၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အောင်မြင်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုခိုအောင်းလုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများက သတင်းကွင်းဆက်ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ကျေးသီးမြို့နယ် ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် မီတာ ၉၉၀၀ ခန့်အကွာ၊ ပုံလုံကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၉၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၁၀ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာယီလူနေမိုးကာတဲ နှစ်လုံး၊ ယာယီအလုပ်ရုံမိုးကာတဲ တစ်လုံး၊ ယာယီစားချက်ဆောင်မိုးကာတဲ တစ်လုံး၊  Star Link လေးစုံ၊ ဖုန်းမျိုးစုံ ၂၆ လုံး၊ Tablet နှစ်လုံး၊ Laptop တစ်လုံး၊ Network လိုင်းခွဲ Box ရှစ်ခု၊ Wifi စက် ၁၂ ခု၊ ငွေဖြတ်စက် လေးလုံး၊ မီးစက် (အကြီး) တစ်လုံး၊ ရေခဲသေတ္တာ နှစ်လုံး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါဝန်းကျင်တစ်ဝိုက် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေခြင်းမရှိစေရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ စနစ်တကျ ဆက်လက်ဆောင်ရွက်ခဲ့ရာ ပုံလုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ခြောက်ဦးတို့အားလည်းကောင်း၊ ပုံလုံကျေးရွာ၏ မြောက်ဘက် မီတာ ၃၉၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ခုနစ်ဦးတို့အားလည်းကောင်း ထပ်မံဖမ်းဆီးရရှိခဲ့ပြီး စုစုပေါင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 

ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်း မရှိစေရေးနှင့် အပြီးတိုင် ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်