ရန်ကုန် ဩဂုတ် ၂၀
မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
ယနေ့အမျိုးသား (လူသစ်တန်း) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ၅၁ ကီလို၊ ၅၄ ကီလို၊ ၅၇ ကီလို၊ ၆၀ ကီလို၊ ၆၃.၅ ကီလို၊ ၆၇ ကီလိုပြိုင်ပွဲများ၊ အမျိုးသား(ဂ အဆင့်) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ၅၁ ကီလို၊ ၅၄ ကီလို၊ ၅၇ ကီလို၊ ၆၀ ကီလို၊ ၆၃.၅ ကီလို၊ ၆၇ ကီလို ပြိုင်ပွဲများ၊ အမျိုးသမီးဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် ၄၈ ကီလို၊ ၅၁ ကီလို၊ ၅၄ ကီလို၊ ၅၇ ကီလိုပြိုင်ပွဲများကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးအမျိုးသမီးအားကစားသမားဆု ရရှိသည့် (မွန်ပြည်နယ်)မှ ခတ္တာပန်း၊ အမျိုးသားလူသစ်တန်း အကောင်းဆုံးအားကစားသမားဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး)မှ အောင်ကောင်းမြတ်နှင့် အမျိုးသား(ဂ) အဆင့် အကောင်းဆုံးအားကစားသမားဆုရရှိသည့် (ချင်းပြည်နယ်)မှ ဟာဂေဟုန်းတို့အား မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်က ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၇ ကီလိုပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလိုလူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၃.၅ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလိုလူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို (ဂ)အဆင့် ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ)အဆင့်ပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို (ဂ)အဆင့်ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို (ဂ)အဆင့်ပြိုင်ပွဲ၊ အမျိုးသား ၆၃.၅ ကီလို (ဂ)အဆင့် ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို (ဂ)အဆင့်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသူများအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံ မွေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသွားသည့် ကရင်ပြည်နယ်အသင်းနှင့် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်သုံးခုဖြင့် အမျိုးသားလူသစ်တန်းတံခွန်စိုက် ဆုဖလားရရှိသွားသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်မောင်လှိုင်က လည်းကောင်း၊ ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် အမျိုးသား (ဂ)အဆင့် တံခွန်စိုက်ဆုဖလားနှင့် ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်ခြောက်ခု၊ ကြေးတံဆိပ်သုံးခုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသွားသည့် ကရင်ပြည်နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက လည်းကောင်း ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဩဂုတ် ၁၃ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ကျင်းပရာ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီး အသင်းရှစ်သင်း စုစုပေါင်း ပြိုင်ပွဲဝင် အားကစားသမားအင်အား ၃၀၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


