မြန်မာနိုင်ငံ၌ မိုးဦး၊ မိုးလယ်ကာလ မိုးရွာသွန်းမှုအားကောင်းနေသောကြောင့် အချို့ဒေသများတွင် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မိုးလယ်ကာလဖြစ်၍ မိုးရွာသွန်းမှုအားကောင်းသည်မှာ မှန်သော်လည်း ပိုမိုလွန်ကဲသည့် မိုးရွာသွန်းမှုအခြေအနေများကြောင့် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဖြစ်ပွားနေဆဲဒေသများနှင့် ဖြစ်ပွားနိုင်ခြေရှိသောဒေသများတွင် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများကပါ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိသလို မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ဒေသအချို့တွင် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ မြစ်ရေများဖြတ်သန်းစီးဆင်းမှု စတင်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ယနေ့အထိ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသသည် မြစ်ချောင်းအင်းအိုင်များ ပေါများပြီး မြေပြန့်လွင်ပြင်ဒေသဖြစ်သည့်အပြင် ပင်လယ်နှင့်တစ်ဆက်တည်းဖြစ်၍ ရေကြီးရေလျှံနှင့် မုန်တိုင်းအန္တရာယ် ထိခိုက်ခံစားလွယ်သည်။ ယခုဖော်ပြပါ ရေလွှမ်းမိုးမှုများကြောင့် ယနေ့အထိ လေးမျက်နှာမြို့နယ် မြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စုအချို့တို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေသည်။ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက နည်းပညာသုံးအင်ဂျင်နီယာဆိုင်ရာ တားဆီးမှုဖြစ်သည့် သဲအိတ်ကြီးများချထားခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် စတီးပိုင်များရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျသည့်နေရာများ ပြန်လည်ခိုင်မာစေရေးလုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ရေဘေးသင့်ပြည်သူများအား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်းလက်တွဲပြီး ရှာဖွေကူညီကယ်ဆယ်ပေးရေး၊ ပြန်လည်နေရာချထားပေးရေး၊ စားရေရိက္ခာ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ မိုးရာသီ မိုးလယ်ကာလမျှသာဖြစ်၍ မိုးရွာသွန်းမှုမှာ ဆက်လက်အားကောင်းနေဆဲဖြစ်သည်။ မုတ်သုံလေနှင့်လေဖိအားနည်းရပ်ဝန်းများ၊ မိုးတိမ်တောင်များ ဆက်လက်ဖြစ်ထွန်းနေဆဲဖြစ်၍ မိုးရွာသွန်းမှုကို ဆက်လက်သတိပြုနေရမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်သည် ယခုအခါ တစ်လနီးပါးအချိန်ကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ရေကြီးရေလျှံမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် ဒေသအကျိုးစီးပွားအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။ အထူးသဖြင့် ကူညီကယ်ဆယ်ရေးနှင့် နေထိုင်စားသောက်ရေးတို့ကို ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီဖြည့်ဆည်းပေးမှုများရရှိသော်လည်း ကျန်းမာရေးစောင့်ရှောက်ကုသမှုတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို အထူးအလေးထားကူညီစောင့်ရှောက်ပေးကြရမည်ဖြစ်သည်။
လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေစီးကျော်ဝင်ရောက်မှုကို တားဆီးကာကွယ်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာလုပ်ငန်းများကို အချိန်တိုအတွင်းပြီးစီးရေးအတွက် စွမ်းစွမ်းတမံအားကျိုးမာန်တက်ဆောင်ရွက်နေမှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများက ရေဘေးသင့်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ပေးရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ဆက်လက် အကူအညီပေးသွားမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများ၏ လူမှုစီးပွားဘဝ ပုံမှန်ပြန်လည်ရရှိအောင် အဆင့်ဆင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ရေပြန်လည်ကျဆင်းသွားပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝများကို ပြန်လည်မြှင့်တင်ဆောင်ရွက်ပေးပြီး အဓိကစီးပွားရေး ဖြစ်သည့် စိုက်ပျိုးသီးနှံများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ရေကျနောက်ကျစပါးစိုက်ပျိုးရေးအတွက် လိုအပ်သည့် စက်ယန္တရားများနှင့်သွင်းအားစုများကို အသင့်စုဖွဲ့ပြင်ဆင်ပြီးအရှိန်အဟုန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။


