ရန်ကုန် ဩဂုတ် ၁၉
နှစ်လကျော်ကြာ ရပ်နားထားသည့် 2026 MFF ယူ-၁၉ ဖူဆယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် (၇) ကို သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ပြန်လည်ကျင်းပသည်။ ယင်းပြိုင်ပွဲကို ဇွန် ၁၃ ရက်က ကျင်းပသည့် ပွဲစဉ် (၆) အပြီးတွင် ရပ်နားထားခြင်းဖြစ်သည်။
ပွဲစဉ် (၇) တွင် YRG အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၂ ဂိုး-တစ်ဂိုး၊ Gold Dream အသင်းက Royal Noka အသင်းကို ငါးဂိုး-နှစ်ဂိုး၊ MIU အသင်းက Burmese Warriors အသင်း ကို ၁၁ ဂိုး-ဂိုးမရှိ၊ Pacific Sun Far အသင်းက United City အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ JV အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ကိုးဂိုး- ဂိုးမရှိ၊ YCDC Dream Team အသင်းက ULAD အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ Pacific Sun Far နှင့် MIU အသင်းသည် ခုနစ်ပွဲ ဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့သည်။
ပွဲစဉ် ၇ အပြီးတွင် Pacific Sun Far နှင့် MIU အသင်းတို့က ၂၁ မှတ်စီ၊ YRG အသင်းက ၁၈ မှတ်၊ YCFC Dream Team အသင်းက ၁၆ မှတ်၊ Gold Dream အသင်းက ၁၅ မှတ်၊ ULAD အသင်းက ၁၂ မှတ်၊ JV အသင်းက ၁၀ မှတ်၊ Royal Noka အသင်းက ခြောက်မှတ်၊ United City အသင်း၊ ရွှေပြည်သာယူနိုက်တက်အသင်းတို့က သုံးမှတ်စီရရှိထားပြီး Burmese Warriors အသင်းနှင့် မင်္ဂလာဒုံစီးတီးအသင်းတို့မှာမူ အမှတ်မရသေးပေ။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MFF


