အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ဗီယက်နမ်အသင်း အနိုင်ရ

ရန်ကုန်     ဩဂုတ်     ၁၉

၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်ဖြစ်သည့် ဗီယက်နမ်အသင်းနှင့်  မလေးရှားအသင်း၏ ဒုတိယအကျော့ပွဲကို သြဂုတ် ၁၉ ရက်က ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ ဗီယက်နမ်အသင်းက နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။

ဗီယက်နမ်အသင်းသည် ပထမအကျော့အဝေးကွင်းပွဲတွင် နှစ်ဂိုး-ဂိုးမရှိ အနိုင်ရထားသလို ယခု ဒုတိယအကျော့ အိမ်ကွင်းပွဲတွင်လည်း ထပ်မံအနိုင်ရသဖြင့် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-ဂိုးမရှိဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။ အဝေးကွင်း ဂိုးပြတ်အနိုင်ရထားသည့်  ဗီယက်နမ်အသင်းသည်  အိမ်ကွင်း၌ ထိန်းကစားသွားပြီး ဒုတိယပိုင်းသွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။   ဗီယက်နမ်အသင်း အတွက်   အနိုင်ဂိုးကို  တိုက်စစ်မှူး   ငုယင်ရှောင်ဆန်က  ၆၂၊ ၈၉ မိနစ်တွင်  သွင်းယူခဲ့သည်။

ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့တွေ့ဆုံနေပြီး ပထမအကျော့အဖြစ် သြဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံ၊ ဒုတိယအကျော့အဖြစ် သြဂုတ် ၂၆ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

မောင်ညီ