ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပစ္စည်းများ ပေးအပ်

နေပြည်တော်     ဩဂုတ်    ၁၉

ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ထုံးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဘောလုံး၊ ဘော်လီဘောပိုက်နှင့် ဘောလုံး၊ ပိုက်ကျော်ခြင်းပိုက်နှင့် ခြင်းလုံး စသည့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးနှင့် မြို့မိမြို့ဖများထံ ပေးအပ်သည်။

ဆက်လက်၍ ကဝမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး  ဘောလုံးကွင်းမြက်ခင်းများ  စိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များ  စနစ်တကျတပ်ဆင်ထားရှိရေး၊  မိုးရာသီဖြစ်သည့်အတွက် အားကစားကွင်းပတ်လည် ရေစီးရေလာကောင်းမွန်စေရန် သန့်ရှင်းရေး ပုံမှန်ပြုလုပ်ဆောင်ရွက်ရေး မှာကြားသည်။

ထို့ပြင် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များက  မြို့နယ်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး၊ အားကစားခန်းမ တည်ဆောက်နိုင်ရေး၊ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

အလားတူ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့မိ မြို့ဖများနှင့်တွေ့ဆုံ၍ လူထုအားကစားကို ပထမဦးဆုံး အဓိကလုပ်ငန်းစဉ်အဖြစ်  အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေး မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ရွေးချယ်ဖော်ထုတ်၍ ပြုစုပျိုးထောင်လေ့ကျင့်စေလိုကြောင်း ပြောကြားပြီး သနပ်ပင်မြို့နယ်  အားကစားကွင်း၊ အားကစားရုံများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်