မောင်ငြိမ်းအေး
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသည့်နိုင်ငံဖြစ်သော်လည်း မိတ်ရင်းဆွေရင်း ဆွေမျိုးရင်းချာမိတ်ဖက်နိုင်ငံဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ပြီးချိန်မှစ၍ နှစ်နိုင်ငံ ပူးပေါင်းကူညီဆောင်ရွက်မှုများ အများအပြားရှိသည်။ မျက်မှောက်ကာလတွင်လည်း ကမ္ဘာ့ရေးရာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် မားမားမတ်မတ် ရပ်တည်ပေးခဲ့သောနိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုကာလတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မှုများ ပိုမိုမြင့်မားခိုင်ကျည်လာခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလ ယခုနိုင်ငံတော်သမ္မတ နိုင်ငံတော်အကြီးအကဲအဖြစ် နိုင်ငံ့တာဝန်ယူခဲ့သောကာလတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုနီးနီးကပ်ကပ် ထဲထဲဝင်ဝင် ဆက်ဆံလာနိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတော်အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့စဉ်ပြီးခဲ့သည့် (၇)ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့စဉ်က ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင် ပြောကြားခဲ့သည့်စကားသည် ယခုထက်တိုင် မှတ်မှတ်ထင်ထင်ရှိနေဆဲပင်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာ ကောင်းများစွာတွေ့မြင်ရကြောင်း ပြောကြားခဲ့မှု များသည် ဩဂုတ်လ ၁၇ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်လျက် ရှိသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက် ခိုင်မြဲအောင် ဆောင်ကြဉ်းပေးနိုင်တော့မည် ဖြစ်သည်။
စာနာထောက်ထား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက် နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်သို့ရောက်ရှိရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် က ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ ရုရှားသမ္မတက ခရီးဦးကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များကို ထပ်မံတွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူများကို မိမိအနေဖြင့် စာနာထောက်ထားပြီး အားပေးသည်ကို ပြောကြားလိုပါကြောင်း။
မိမိတို့နိုင်ငံ၏ သံတမန်ဆက်ဆံမှုအနေဖြင့် ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်း တစ်လျှောက်တွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှား-အာဆီယံအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးကို အကူအညီပေးသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စီးပွားရေးနယ်ပယ်တွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်၍ရသည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ လုံခြုံရေးနယ်ပယ်တွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ ယခု အဆွေတော်၏ ရုရှားနိုင်ငံသို့ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများ၊ လေ့လာစရာများရှိပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်အသီးသီးကို အသေးစိတ်ဆွေးနွေး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။
မမေ့နိုင်ကျေးဇူးတင်
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား ယခုကဲ့သို့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုအတွက် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း နှင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခုအခါ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး နောက်ပိုင်းတွင် ပထမဆုံးလာရောက်ခဲ့သည့်ခရီးစဉ်ဖြစ်ပါ ကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် တတ်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆွေတော်ပြောကြားသကဲ့သို့ မိမိတို့ နိုင်ငံတွင် ပြီးခဲ့သည့်လမှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုအပေါ်တွင် အဆွေတော် အနေဖြင့် မြန်မာပြည်သူများအပေါ် စာနာထောက်ထားကြောင်း ပြောကြားပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆုံးရှုံးမှုများလည်း များစွာရှိခဲ့ကြောင်း၊ ထိုအချိန်တွင် အဆွေတော်တို့အနေဖြင့် အထူးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့သည်ကို ယခုအချိန်အထိ မမေ့ပါကြောင်းနှင့် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
မိမိတို့နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ အဆွေတော်နှင့် အသေးစိတ်ဆွေးနွေးနိုင်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးနယ်ပယ်များတွင်လည်း ပြောင်းလဲတိုးတက်လာပြီဖြစ်ပါ ကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်နယ်ပယ်များလည်း များစွာကျန်ရှိနေသေးကြောင်း၊ မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်းရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု များစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါ ကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားစွာရှိသည့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် အနာဂတ်တွင်လည်း ခိုင်မြဲစွာရှိနေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ရုရှားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် အမြဲတည်ရှိနေမည်ကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမြဲအသင့်ရှိပါကြောင်း ပြောကြားခဲ့သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန်နှိမ်နင်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုနှင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးပြီးနောက် နိုင်ငံတော်သမ္မတနှင့် ရုရှားသမ္မတတို့သည် နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍ၊ အာကာသသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ကုန်သွယ်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့်ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။ ဆွေးနွေးမှုများအပေါ် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘော တူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနား ကျင်းပ ပြုလုပ်ရာ နှစ်နိုင်ငံအကြား တစ်ဖက်သတ် အကျပ်ကိုင်ဆောင်ရွက်မှုများ၏ ဆိုးရွားသော သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းရန် နည်းလမ်းများနှင့်ပတ်သက်သည့် ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာ၊ ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနှင့် ဒီဂျစ်တယ် နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ။
စာချွန်လွှာ ၁၂ ခုလဲလှယ်
ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနာလည်မှုစာချွန်လွှာ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်များ ဂြိုဟ်တုအခြေပြုရှာဖွေ ကယ်ဆယ်ရေးစနစ် COSPAS-SARSAT နှင့် ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ်ရှိသောအခြေ အနေများအတွက် အလိုအလျောက် သတိပေးစနစ် (ASPOS) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics တို့အကြား နားလည်မှုစာချွန်လွှာများ အပါအဝင် စုစုပေါင်း နားလည်မှုစာချွန်လွှာ ၁၂ ခု တို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ထိုနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရအဖွဲ့အိမ်တော်အစည်းအဝေးခန်းမ၌ တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်က ယခုကဲ့သို့ ရုရှားနိုင်ငံသို့ တရားဝင် ခရီးစဉ်လာရောက်ခဲ့သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အာရှ၊ အရှေ့ တောင်အာရှနှင့် အာရှပစိဖိတ်ဒေသအတွက် အရေးပါသည့် မိတ်ဖက်မဟာမိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဦးစွာ ပြောကြားခဲ့သည်။
ပိုမိုခိုင်မာစွာဖော်ညွှန်း
ထို့နောက် နိုင်ငံတော်သမ္မတက အဆွေတော် ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံဆွေးနွေးရ သည့်အတွက် အထူးပင် ဝမ်းမြောက်မိကြောင်း၊ မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ (၁၄)ကြိမ် မြောက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံးနိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် နယ်ပယ်စုံ၊ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပြီး ရှည်လျား ကောင်းမွန်သည့် သံတမန်ဆက်ဆံမှုများရှိကာ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန် အလှန်လေးစားတန်ဖိုးထားမှုများကို ပိုမိုခိုင်မာစွာဖော်ညွှန်းပြသလျက်ရှိသည်။
ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအကျိုးအတွက် ခိုင်ခိုင်မာမာ ထောက်ခံရပ်တည်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းနိုင်ငံများနှင့် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် သံတမန် ဆက်ဆံရေးကဏ္ဍများတွင် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံ ဗဟိုအစိုးရများ၏ ကောင်းမွန်သောဆက်ဆံရေးသာမက ရုရှားနိုင်ငံ ဖက်ဒရယ်ပြည်နယ်များနှင့် လည်း ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်ဆောက်လာနိုင်သည်။ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကဏ္ဍများ ပိုမိုတိုးတက်အောင် ဆောင်ရွက်လာနိုင်သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပင်လယ်ရေကြောင်းနှင့် ပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အားကစားကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အာကာသခရီးစဉ်ပါဝင်
ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် နိုင်သည့် အခြေအနေများစွာရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ရေးအပါအဝင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးနိုင်ခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ အစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်”ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဂြိုဟ်တုနှင့် အာကာသသိပ္ပံနည်းပညာ ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အာကာသနည်းပညာဆိုင်ရာနှင့် အာကာသ ယာဉ်မှူးများ မွေးထုတ်ပေးနိုင်ရေးအတွက် လွန်ခဲ့သည့် နှစ်အနည်းကစတင်ခဲ့ပြီး နိုင်ငံတော်၏ ပထမဆုံး အာကာသယာဉ်မှူး ထမ်းဆောင်မည့် လူငယ်များကို ရွေးချယ်ခဲ့သည်။ မြန်မာအာကာသ ယာဉ်မှူးများ အာကာသခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းရွေးချယ်လေ့ကျင့် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဂြိုဟ်တုနှင့် အာကာသနည်းပညာများကို စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအပါအဝင် အခြားလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အသုံးချနိုင်ရန်အတွက် မြန်မာအာကာသအေဂျင်စီက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရှိ အာကာသအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် အသေးစားနျူကလီးယား လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ရေးကို ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် ရေထွက်ပစ္စည်းများ ယခုထက် ပိုမိုတင်ပို့နိုင်ရေး အပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများကို နှစ်နိုင်ငံ ခေါင်းဆောင်များ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)


