ရန်ကုန် ဩဂုတ် ၁၇
ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် အသင်း၏အင်အားကို ပိုမိုတောင့်တင်းလာစေရန် မြန်မာ့လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ကျော်မင်းဦးကို ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၃၀ အရွယ်ရှိ ကျော်မင်းဦးသည် အဓိကကစားသည့် ကွင်းလယ်ခံစစ်နေရာအပြင် ဗဟိုခံစစ်နေရာတွင်လည်း စွမ်းရည်ထက်မြက်စွာကစားနိုင်သည့် အတွေ့အကြုံရင့် ဘက်စုံသုံးကစားသမားတစ်ဦးဖြစ်သည်။
၎င်း၏ ကစားသမားဘဝတွင် ပြည်တွင်းကလပ်များဖြစ်သည့် ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်တို့၌ ပါဝင်ကစားခဲ့ဖူးပြီး မလေးရှားစူပါလိဂ်ကလပ်များဖြစ်သည့် PDRM FC နှင့် Terengganu FC တို့တွင်လည်း သွားရောက်ယှဉ်ပြိုင်ခဲ့သဖြင့် ပြည်ပအတွေ့အကြုံရှိသူလည်း ဖြစ်သည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် U-16၊ U-19၊ U-22 အသင်းများမှတစ်ဆင့် အမျိုးသားလက်ရွေးစင်အသင်းကြီးအထိ အဆင့်ဆင့်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ လက်ရွေးစင်အဖြစ် ကိုယ်စားပြုကစားပေးနေသူဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသို့ ရောက်ရှိလာသည့် ကျော်မင်းဦးက ရှုံးပွဲမရှိ ချန်ပီယံအသင်းနှင့် ပူးပေါင်းခွင့်ရသည့်အတွက် ဝမ်းသာမိကြောင်း၊ အသင်း၏ ချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် လာမည့်ရာသီ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများတွင် ရလဒ် ကောင်းများရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-SUFC


