အူလန်ဘာတာ ဩဂုတ် ၁၇
မွန်ဂိုလီးယားနိုင်ငံသည် လာမည့် နှစ်မှစတင်ကာ အနိမ့်ဆုံးလုပ်ခလစာကို ၂၆ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်ပြီး မွန်ဂိုလီးယားတူဂရစ် ၁၀၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၇၇ ဒေါ်လာခန့်) အထိ တိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း မိသားစုရေးရာအလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်မည့် ဆုံးဖြတ်ချက်ကို အစိုးရ၊ အလုပ်ရှင်များနှင့် အလုပ်သမားသမဂ္ဂတို့မှ ကိုယ်စားလှယ်များပါဝင်သော မွန်ဂိုလီးယား သုံးပွင့်ဆိုင်ကောင်စီအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကောင်စီသည် ငွေကြေးဖောင်းပွမှုနှုန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအခြေအနေများကို ထည့်သွင်းစဉ်းစားကာ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အနိမ့်ဆုံး လုပ်ခလစာအသစ်သည် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။
လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ ၇၉၂၀၀၀ တူဂရစ်ဖြစ်သည်။ အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ မွန်ဂိုလီးယားနိုင်ငံတွင် တရားဝင်စာရင်းသွင်းမှတ်ပုံတင်ထားသော ဝန်ထမ်းအရေအတွက်မှာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၁၀ ရာခိုင်နှုန်းခန့်သည် အနိမ့်ဆုံးလုပ်ခလစာကို ရရှိကြောင်း သိရသည်။
ဆင်ဟွာ


