ရန်ကုန် ဩဂုတ် ၁၇
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စု(F) ပထမနေ့ကို ယနေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။
ဧရာဝတီအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် စင်ကာပူကလပ် FC Jurong အသင်းနှင့်တွေ့ဆုံပြီး လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ဧရာဝတီအသင်းသည် အိမ်ကွင်း၌ ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးပိုလာခဲ့သည်။ နှစ်သင်းစလုံးတွင် ဂျပန်နည်းပြချုပ်၊ ဂျပန်ကစားသမားအများစုဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့လက်ရွေးစင်ကစားသမား အများစုပါဝင်လာသည့် ဧရာဝတီအသင်းက စင်ကာပူကလပ် FC Jurong အသင်းကို အနိုင်ကစားခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအမျိုးသမီးအသင်း ပွဲထွက်လူစာရင်းတွင် ဂျပန်ကစားသမားငါးဦး၊ ဘင်္ဂလားဒေ့ရှ် ကစားသမားတစ်ဦးကို မြန်မာကစားသမားများဖြစ်သည့် ဇူးလတ်နဒီ(ဂိုး)၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ ဇင်မိုးပြည့်တို့ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။ စင်ကာပူကလပ် FC Jurong အသင်းသည် ပွဲအစပိုင်းသာ ဧရာဝတီအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး ၁၅ မိနစ်နောက်ပိုင်းမှ စတင်ကာ ဧရာဝတီအသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ ၃၄ မိနစ်တွင် ဧရာဝတီအသင်း ဂိုးစတင်ရရှိခဲ့ပြီး ဂျပန်ကွင်းလယ်ကစားသမား ကန်ဆိုင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည့် ဧရာဝတီအသင်းသည် ဒုတိယပိုင်းအစတွင် ဝင်းသိင်္ဂီထွန်း၊ လင်းမြင့်မိုရ်တို့ကိုထည့်ကာ တိုက်စစ်မြှင့်ခဲ့ပြီး ဂိုးများထပ်မံရရှိခဲ့သည်။ ၅၅ မိနစ်တွင် ဝင်းသိင်္ဂီထွန်း၊ ၅၉ မိနစ်တွင် လင်းမြင့်မိုရ်တို့က ဂိုးများထပ်သွင်းကာ အနိုင်ရလဒ်ကို သေချာစေခဲ့သည်။ ဧရာဝတီအသင်းအတွက် နောက်ဆုံးအနိုင်ဂိုးကို ၇၈ မိနစ်တွင် ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့သည်။
ဧရာဝတီအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၂၀ ရက်တွင် လက်ဘနွန်ကလပ် No Limits အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF


