ဗီယင်ကျန်း ဩဂုတ် ၁၇
လာအိုနိုင်ငံတွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးရေးအတွက် ဒစ်ဂျစ်တယ်သီတင်းပတ်အား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ခေတ်မီစက်မှုလုပ်ငန်းများမြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးမြှင့်တင်ရေးအတွက် နိုင်ငံသားများအား လိုအပ်သည့် အသိပညာများပေးမည်ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်သီတင်းပတ်အခမ်းအနားကို မြို့တော် ဗီယင်ကျန်းတွင် အောက်တိုဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၎င်းအခမ်းအနားတွင် အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျောင်းသားများနှင့် လုပ်ငန်းရှင်များအား ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများပြသကာ ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာပေးမှုများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီး ဆန်တီ ဆောက်ဆီမာလဗောင်အား ကိုးကား၍ လာအိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘာကြီးတွင် လက်ရှိအချိန်၌ ဉာဏ်ရည်တုနည်းပညာခေတ်ရောက်ရှိနေပြီး ကလောက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ တည်ထောင်ရေးနှင့် အခြားခေတ်မီနည်းပညာများသည် ကဏ္ဍစုံတွင် မရှိမဖြစ်အရေးကြီးလာသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။ လာအိုနိုင်ငံတွင် ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများသည် နည်းပညာများကို ဆောင်ကြဉ်းလာခြင်းသာမကဘဲ နိုင်ငံသားများနှင့် အစိုးရဌာနများ၏ စဉ်းစားတွေးခေါ်မှုနှင့် အရင်းအမြစ်များအပေါ် စီမံခန့်ခွဲမှုစနစ်များကိုပါ ပြောင်းလဲစေခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ယခုကဲ့သို့ နိုင်ငံအတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်လျော့နည်းစေခြင်းသာမကဘဲ ဈေးကွက်ရရှိမှုအတွက် အဆင်ပြေစေကာလုပ်ငန်းများအဆင်ပြေလာနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မြို့ပြနှင့် ကျေးလက်ဒေသများအကြားတွင် ဒစ်ဂျစ်တယ်ဆိုင်ရာ ကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၏ အရည်အသွေးကိုမြှင့်တင်ပေးရေးနှင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ်အပေါ် နိုင်ငံသားများ၏ ယုံကြည်ချက်များ ခိုင်မာစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


