ရခိုင်ပြည်နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ


စစ်တွေ ဩဂုတ် ၁၇

 

၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပခဲ့ပြီး အသက် (၅) နှစ် အောက်ကလေးများအား အင်အားပြည့်ဗီတာမင် (အေ) ဆေးလုံး တိုက်ကျွေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ၊ အစားအစာလက်ဆောင်ခြင်းများ ပေးအပ်ခြင်းနှင့် အာဟာရဆိုင်ရာ အသိပညာဗဟုသုတ ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းများ ဆောင်ရွက်သည်။ 

 

ကြည့်ရှုအားပေး

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ‘ဘဝအစ လှပဖို့၊ မိခင်နို့ချို တိုက်ကျွေးလို့၊ အလေ့အထကောင်းများ မြှင့်တင်စို့’ ၂၀၂၆ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၏ ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြု၍ အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုခိုင်မာအားကောင်းလာစေရန် နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၆ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်ဗီဒီယိုနှင့် ခန်းမအတွင်း ပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးသည်။ 

 

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

 

မွန်းလွဲပိုင်းတွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များကို ထည့်သွင်းလျာထားရန်၊ ခွင့်ပြုဘဏ္ဍာငွေရရှိပြီး ပြန်လည်အပ်နှံရခြင်းမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြောကြား၍ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 

အလားတူ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက အကြံပြုတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်) 

ဓာတ်ပုံ- ဝင်းမင်းစိုး