ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်အား အစ္စရေးက လိုက်နာဆောင်ရွက်ရေး တွန်းအား ပေးရန် ဟားမတ်စ်အဖွဲ့တိုက်တွန်း

ဂါဇာ   ဩဂုတ်   ၁၇

ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်အစီအစဉ်ကို အစ္စရေးက အတည်ပြုဆောင်ရွက်ရေးအတွက် စေ့စပ်ညှိနှိုင်းသူများက တွန်းအားပေးရန် ဟားမတ်စ်အဖွဲ့က ဩဂုတ် ၁၆ ရက်တွင် တိုက်တွန်းခဲ့သည်။

ယခုတောင်းဆိုချက်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ခါလတ်အယ်လ်ဟာယာ ဦးဆောင်သည့် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့နှင့် စေ့စပ်ညှိနှိုင်းသူများအကြား အစည်းအဝေးကျင်းပခဲ့ပြီးနောက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စေ့စပ်ညှိနှိုင်းသူများနှင့် အမေရိကန် ဦးဆောင်သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အနေဖြင့် အစ္စရေးအား ပထမအဆင့် သဘောတူညီချက်တွင်ပါဝင်သည့် သတ်ဖြတ်မှုများနှင့် မြေပြင်တိုက်ခိုက်မှုများ ရပ်တန့်ရေးအပါအဝင် ဒုတိယအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည် ဖော် ဆောင်ရွက်ရေးအတွက် ပူးပေါင်း၍ တွန်းအားပေးရန် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့က ပန်ကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့အနေဖြင့် ထာဝရတည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်အစီအစဉ်တွင်   အစ္စရေးတပ်ဖွဲ့များ ဂါဇာဒေသမှ ဆုတ်ခွာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ စဉ်ဆက်မပြတ်ရရှိရေးနှင့် ဂါဇာဒေသအုပ်ချုပ်ရေးအဖွဲ့၏   လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရေးတို့  ပါဝင်ကြောင်း သိရသည်။ ယခုလအစောပိုင်းတွင်  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန် ဦးဆောင်သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ရှုတ်ချကြောင်းနှင့် ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းမှု အလုံးစုံ မပြီးမချင်း ဂါဇာဒေသမှ  အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်၏ ဒုတိယအဆင့်အား  အကောင်အထည်ဖော်ရန်  အချက် ၁၅ ချက်ပါ လမ်းပြမြေပုံကို ဇူလိုင်  ၃၁ ရက်တွင်   ထုတ်ပြန်ခဲ့သည်။ ၎င်းတွင်  တိုက်ခိုက်မှုများ  အဆုံးသတ်ခြင်း၊ အရပ်ဘက်အုပ်ချုပ်ရေးကို ဂါဇာအုပ်ချုပ်ရေးဆိုင်ရာ  အမျိုးသားကော်မတီထံ လွှဲပြောင်းပေးခြင်း၊  လက်နက်သိုလှောင်ရုံများ၊ စစ်ဘက်ပစ္စည်း ထုတ်လုပ်ရေး အဆောက်အအုံများနှင့် ဥမင်လိုဏ်ခေါင်းများအား  ဖျက်သိမ်းခြင်းအပြင် အစ္စရေးတပ်များ ဆုတ်ခွာရေးအစီအစဉ်များ ပါဝင်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ