ဇမ္ဗူသီရိမြို့နယ် ဝဏ္ဍသိဒ္ဓိရပ်ကွက်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ သက်ကြီးရွယ်အို ဘိုးဘွား ၃၈ ဦးနှင့် နေပြည်တော်ကလေးပြုစုရေးဌာန၌ ကလေးငယ် ၃၇ ဦးအား စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ


နေပြည်တော် ဩဂုတ် ၁၇

 

ဇမ္ဗူသီရိမြို့နယ် ဝဏ္ဍသိဒ္ဓိရပ်ကွက်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ သက်ကြီးရွယ်အိုများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊ အပန်းဖြေအနားယူမှုနှင့် အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှု၊ ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှုစသည့် ဝန်ဆောင်မှုများ ဆောင်ရွက်နေမှုနှင့် အဆိုပါဂေဟာ၌ နေပြည်တော်ကလေးပြုစုရေးဌာနရှိ ကလေးငယ်များ ပြုစုစောင့်ရှောက်ထားရှိမှုတို့ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အလှူငွေနှင့် သက်ကြီးရွယ်အိုများအတွက် အာဟာရဖြစ်စားသောက်ဖွယ်ရာပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့် ရှောက်ရေးဂေဟာတွင် သက်ကြီးရွယ်အို ဘိုးဘွား ၃၈ ဦးနှင့် နေပြည်တော်ကလေးပြုစုရေးဌာန၌ ကလေးငယ် ၃၇ ဦးအား စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ဆိုလာစွမ်းအင်သုံး EV အားသွင်းစနစ်နှင့် စက်မှုလုပ်ငန်းပေါင်းစပ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ 

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ရင်ပြင်၌ နံရံကပ်ဖောင်းကြွရုပ်ပုံများနှင့် ရုပ်တုများထားရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များမှာကြားပြီး ပြည်သူ့ရင်ပြင်သို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)