ဇီးကုန်း ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်ပိုင်းက မြောက်လွှတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်း ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ပြောကြားသည်။ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လမ်းတံတား ကိစ္စရပ်များကို အပြုသဘောဆောင်သည့် ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


