တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

မြစ်ကြီးနား သြဂုတ် ၁၇

 

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို သြဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရက်ပေါင်း ၁၀၀ အတွင်း အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ရှေးရှု၍ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေကို ပြည်နယ်လွှတ်တော်သို့ ရှင်းလင်းပြောကြားသည်။

 

ထို့ပြင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်း ၁၄ ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

မေးခွန်းများ မေးမြန်းပြောကြားမှုများအပြီးတွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း(RE) တွင် ထည့်သွင်းရန် ပြည်နယ်အစိုးရအဖွဲ့က ထပ်မံပေးပို့လာသည့် လျာထားချက်ကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးအတည်ပြုကြသည်။

 

ထို့အတူ အစည်းအဝေးပထမနေ့တွင် တင်သွင်းခဲ့သော ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို ဆွေးနွေးအတည်ပြုကြသည်။

 

အလားတူ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ကချင်ပြည်နယ် သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းရာ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥပဒေကြမ်း ကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဥပဒေကြမ်းအား အနီးဆုံးလွှတ်တော် အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းအပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယပုံမှန်အစည်းအဝေးနှင့် တတိယပုံမှန်အစည်းအဝေး ကာလအတွင်း လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)