နှင်းနှင်းလှိုင်
စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍတစ်ခုဖြစ်ရုံသာမက ကျေးလက်နေ ပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းမှုလည်းဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှု၊ ဈေးကွက်အပြောင်းအလဲနှင့် အရင်းအမြစ်အကန့်အသတ်များကြားတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် သုတေသနနှင့် နည်းပညာပြန့်ပွားရေးက အဓိကသော့ချက် ဖြစ်ပါသည်။
သို့သော် သုတေသနပြု ထုတ်လုပ်ထားသော နည်းပညာများက တောင်သူများထံသို့ အမှန် တကယ်ရောက်ရှိပြီး နည်းပညာလက်ခံအသုံးပြုမှု ဖြစ်ပေါ်မှသာ ယင်းတို့၏တန်ဖိုးကို အတည်ပြုနိုင် မည်ဖြစ်ပါသည်။
နည်းပညာလက်ခံအသုံးပြုမှုဖြစ်စဉ်
လယ်သမားတစ်ဦးက နည်းပညာ အသစ်တစ်ခုကို တစ်ကြိမ်တည်း ချက်ချင်းလက်ခံရန် ဆုံးဖြတ် ချက်ချသည်မဟုတ်ဘဲ အဆင့်ငါးဆင့် ပါဝင်သော ဖြစ်စဉ်တစ်ခုကို ဖြတ်သန်း၍ လက်ခံပါသည်။ ဤဖြစ်စဉ်ကို ကောင်းစွာသိရှိမှသာ အဆင့်တိုင်းတွင် သင့်လျော်သော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်မည်ဖြစ် သည်။
ပထမအဆင့်မှာ သိရှိခြင်းဖြစ်ပါသည်။ ထိုအဆင့်တွင် လယ်သမားသည် နည်းပညာအသစ်တစ်ခု ရှိကြောင်းကိုသာ သိရှိလာခြင်းဖြစ်သည်။ သို့သော် ဤသိရှိခြင်းတွင်ပင် အဆင့်သုံးမျိုးရှိပါသည်။ ပထမ မှာ နည်းပညာရှိကြောင်း အသိပေးသက်သက်၊ ဒုတိယမှာ ထိုနည်းပညာကို မည်သို့အသုံးပြုရမည်ကို သိရှိခြင်း၊ တတိယမှာ အခြေခံမူများကို နားလည်ခြင်းတို့ဖြစ်ပါသည်။ ထို့ကြောင့် အချက်အလက် ဖြန့်ဝေရာတွင် ဤသုံးမျိုးစလုံး ပါဝင်အောင် သေချာစီစဉ်ရန် လိုအပ်ပါသည်။
ဒုတိယအဆင့်မှာ စိတ်ဝင်စားဖွယ်ဖြစ်စေခြင်း၊ ဆွဲဆောင်ခြင်းဖြစ်ပါသည်။ လယ်သမားက နည်းပညာ၏ ကောင်းကျိုးကို စိတ်ပါဝင်စားလာပြီး “ဒါဟာ ငါ့အတွက် တကယ်အကျိုးရှိမလား” ဟု စတင်တွေးတောလာပါသည်။ ဤအဆင့်၏ အထူးခြားဆုံးမှာ လူမှုလွှမ်းမိုးမှုက အလွန်အားကောင်း သည်ဆိုသည့် အချက်ပင်ဖြစ်သည်။ လယ်သမားများသည် ပညာရှင်များ၊ သုတေသီများထက် အောင်မြင်သော အိမ်နီးချင်းများ၊ ရွာထဲမှ ဩဇာရှိသူများကို ပိုမိုယုံကြည်ကြသည်။ ထို့ကြောင့် အောင်မြင်သော လယ်သမားများကို သက်သေပြအဖြစ် သရုပ်ပြစိုက်ကွက်၊ စိုက်ကွင်းများ ပြုလုပ်ခြင်းက အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။
တတိယအဆင့်မှာ ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။ လယ်သမားက နည်းပညာအသစ်ကို လက်ခံရန် (သို့) ငြင်းပယ်ရန် ဆုံးဖြတ်ချက်ချရပါသည်။ ဤအဆင့်တွင် စမ်းသပ်ကြည့်ရှုနိုင်မှုသည် အလွန် အရေးပါလှပါသည်။ လယ်သမားအနေဖြင့် မိမိ၏ လယ်ကွင်းထဲတွင် အနည်းငယ်မျှ စမ်းသပ်ကြည့်ရှု ခွင့်၊ စမ်းသပ်စိုက်ပျိုးခွင့်ရရှိပါက ဆုံးဖြတ်ချက်ချရန် ပိုမိုလွယ်ကူစေပါသည်။ စွန့်စားမှုအပြည့်အဝ မယူရသေးဘဲ ကိုယ်တိုင်မြင်တွေ့ခွင့်ရခြင်းသည် လယ်သမား၏ စိတ်ခံစားမှုကို များစွာသက်သာ ရာရစေသည်။
စတုတ္ထအဆင့်မှာ အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ နည်းပညာအသစ်ကို စတင်အသုံးပြု သည့်အဆင့်ဖြစ်သည်။ ဤနေရာတွင် အရေးကြီးသည်မှာ လယ်သမားများက မိမိတို့၏ ဒေသအခြေ အနေနှင့် ကိုက်ညီအောင် နည်းပညာကို ပြန်လည်ပြုပြင် အသုံးပြုခြင်းရှိသည်ဆိုသည့် အချက်ပင် ပါသည်။ ဆိုလိုသည်မှာ သုတေသနပြုထားသည့်အတိုင်း တစ်ထပ်တည်းကျအောင် အသုံးမပြုကြဘဲ မိမိတို့လိုအပ်ချက်နှင့် အဆင်ပြေအောင် အနည်းငယ် ပြုပြင်ပြောင်းလဲ အသုံးပြုတတ်ကြပါသည်။ ဤသည်ကို မဟန့်တားဘဲ အားပေးရပါမည်။ ထို့ပြင် မသေချာမှုများ၊ ပြဿနာငယ်များ ကျန်ရှိတတ်သေးသဖြင့် စိုက်ပျိုးပညာပေး ဝန်ထမ်းများ၏ နောက်ဆက်တွဲ အကူအညီက အလွန်အရေးကြီးပါသည်။
ပဉ္စမနှင့် နောက်ဆုံးအဆင့်မှာ အတည်ပြုခြင်း ဖြစ်သည်။ လယ်သမားက ဆက်လက်အသုံးပြုရန် သို့မဟုတ် ရပ်တန့်ရန် နောက်ဆုံးဆုံးဖြတ်ချက်ချပါသည်။ သေးငယ်သော စိတ်ပျက်စရာ တစ်ခု၊ ဈေးကွက်ကျဆင်းခြင်း၊ အခြားတစ်ယောက်၏ အတွေ့အကြုံဆိုးတို့ကြောင့် နောက်ပြန်ဆုတ်ခြင်း များ ဖြစ်နိုင်ပါသေးသည်။ ထို့ကြောင့် နောက်ဆက်တွဲ စောင့်ကြည့်မှုနှင့် ပံ့ပိုးကူညီမှုက မရှိမဖြစ် လိုအပ်ပါ သည်။ အောင်မြင်သော လယ်သမားများကို အခြားသူများအတွက် စံပြပုဂ္ဂိုလ်အဖြစ် မြှင့်တင်ပေးခြင်း သည် များစွာအထောက်အကူပြုပါသည်။
နည်းပညာလက်ခံအသုံးပြုမှုကို အရှိန်မြှင့်ပေးသော ဂုဏ်သတ္တိ ငါးရပ်
နည်းပညာအသစ်တစ်ခု လယ်သမားများကြားတွင် လျင်မြန်စွာ ပျံ့နှံ့လက်ခံအသုံးပြုလာခြင်း သို့မဟုတ် နှေးကွေးစွာ ပျံ့နှံ့ရခြင်းသည် ထိုနည်းပညာ၏ ဂုဏ်သတ္တိများနှင့် ဆက်စပ်နေပါသည်။
ပထမအချက်မှာ သာလွန်မှုဖြစ်သည်။ နည်းပညာအသစ်က လယ်သမားများ လက်ရှိ အသုံးပြုနေသော နည်းလမ်းထက် ပိုမိုကောင်းမွန်ရမည်ဖြစ်ပါသည်။ လက်တွေ့တွင် အထွက်နှုန်း တိုးတက်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အလုပ်ချိန် လျော့နည်းခြင်း သို့မဟုတ် စွန့်စားမှုနည်းပါးခြင်း တို့ဖြင့် ဤသာလွန်မှုကို သက်သေပြနိုင်ရမည် ဖြစ်သည်။ အရေးကြီးသည်မှာ ဤသာလွန်မှုကို လယ်သမားကိုယ်တိုင် သိမြင်နိုင်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ပညာရှင်များ သိရုံမျှ မလုံလောက်ပါ။
ဒုတိယအချက်မှာ လိုက်ဖက်မှုဖြစ်ပါသည်။ နည်းပညာအသစ်က လယ်သမားတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ လက်ရှိအလေ့အထများနှင့် ကိုက်ညီရမည်ဖြစ်သည်။ လက်ရှိစိုက်ပျိုးမှုပုံစံနှင့် အလွန် အမင်းကွဲပြားသွားပါက လက်ခံရန် ခက်ခဲပါသည်။ ထို့ကြောင့် လက်ရှိဓလေ့ကို လေးစားခြင်း၊ သေးငယ် သော ပြောင်းလဲမှုများမှ စတင်ခြင်းဖြင့် လိုက်ဖက်မှုကို မြှင့်တင်နိုင်သည်။
တတိယအချက်မှာ ရှုပ်ထွေးမှုဖြစ်သည်။ နည်းပညာတစ်ခုက နားလည်ရလွယ်ကူပြီး အသုံးပြုရ ရိုးရှင်းလေလေ၊ လက်ခံမှု ပိုမိုမြန်ဆန်လေဖြစ်သည်။ ရှုပ်ထွေးနက်နဲသော နည်းပညာများက လက်ခံမှု နှေးကွေးတတ်ပါသည်။ ထို့ကြောင့် ရှုပ်ထွေးမှု မြင့်မားသော နည်းပညာများကို ရိုးရှင်းအောင် ဖော်ဆောင်ခြင်း၊ အဆင့်ဆင့်ခွဲ၍ သင်ကြားပေးခြင်းတို့ လိုအပ်သည်။
စတုတ္ထအချက်မှာ စမ်းသပ်နိုင်မှု ဖြစ်သည်။ လယ်သမားများအနေဖြင့် နည်းပညာအသစ်ကို အသေးစားစမ်းသပ်ကြည့်ရှုနိုင်ခွင့်ရှိပါက ဆုံးဖြတ်ချက်ချရန် ပိုမိုလွယ်ကူစေသည်။ သရုပ်ပြကွင်းများ ထားရှိခြင်း၊ လယ်သမား၏ ကိုယ်ပိုင်မြေတွင် စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းတို့သည် ဤဂုဏ်သတ္တိကို မြှင့်တင်ရာရောက်ပါသည်။
ပဉ္စမအချက်မှာ မြင်သာမှုဖြစ်ပါသည်။ နည်းပညာ၏ ရလဒ်ကောင်းများကို အခြားသော လယ်သမား များက မြင်တွေ့နိုင်ခြင်းသည် လက်ခံမှုကို အရှိန်မြှင့်ပေးသည်။ လယ်သမားများသည် မိမိမျက်စိဖြင့် မြင်တွေ့ရမှသာ အမှန်တကယ်စိတ်ဝင်စားလေ့ရှိသည်။ “ကိုယ်တိုင်မစမ်းရ၊ မျက်စိနဲ့မမြင်ရရင် မယုံတတ်ခြင်း” သည် မြန်မာ့ကျေးလက်ဒေသရှိ လယ်သမားများ၏ သဘာဝဖြစ်သည်။ ထို့ကြောင့် အောင်မြင်သော သရုပ်ပြကွင်းများ၊ အောင်မြင်သော လယ်သမားများ၏ စိုက်ကွင်းများကို ကွင်းဆင်း လေ့လာရေးခရီးစဉ်များ ကျင်းပပြသခြင်းဖြင့် မြင်သာမှုကို ဖန်တီးပေးရန် လိုအပ်သည်။
သုတေသနပြုချက်များကို လယ်ကွင်းသို့ တွန်းပို့ရာတွင် “အသိပေးရုံ” မျှဖြင့် ရပ်တန့်သွားခြင်း သို့မဟုတ် “အကောင်အထည်ဖော်ခြင်း” အဆင့်တွင် လယ်သမားကို ပစ်ထားခြင်းမျိုးက အဖြစ်များဆုံး ကျရှုံးရသည့် အကြောင်းရင်းများဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် “စမ်းသပ်နိုင်မှု” နှင့် “မြင်သာမှု” ကို မြှင့်တင်ပေးနိုင်သော စိုက်ပျိုးရေးပညာပေးလုပ်ငန်းများ ဥပမာ- ကွင်း သရုပ်ပြပွဲပြုလုပ်ခြင်း၊ လယ်သမားချင်း ချိတ်ဆက် ပေးခြင်းသည် အထိရောက်ဆုံးဖြစ်သဖြင့် အောင်မြင်အောင် ပြသခြင်းဖြင့် ကျန်လယ်သမားများထံ နည်းပညာပြန့်ပွားမှုကို အရှိန်မြှင့်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။


