မုံရွာ ဩဂုတ် ၁၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လက်ရှိတပ်ဆင် အသုံးပြုနေသည့် ၁ ဒသမ ၂ မီတာ ရှိ Ku-Band ဂြိုဟ်တုစနစ်သည် ဗန်းသေး၍ ဝပ်အားနည်းသဖြင့် ရာသီဥတုကြောင့် ဖုန်းလိုင်းအတက် အကျဖြစ်ခြင်း၊ ပြတ်တောက်ခြင်းနှင့် လိုင်းကျပ်ခြင်းများ ဖြစ်ပေါ်သဖြင့် ဝပ်အားကြီးသည့် ၂ ဒသမ ၄ မီတာရှိ C-Band ဂြိုဟ်တုစနစ်ကို ဩဂုတ် ၁၂ ရက်က တိုးချဲ့တပ်ဆင်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ ဂြိုဟ်တုစခန်းစနစ်များကို အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ယခင်ဖုန်းခေါ်ဆိုမှုနှင့် စာတို (sms) ပေးပို့မှုများအပြင် လဟယ်မြို့ရှိ သတ်မှတ် ထားသောနေရာတွင် အင်တာနက်အသုံးပြုနိုင်သဖြင့် အွန်လိုင်းစာမျက်နှာများနှင့် အချက်အလက်များကို လွယ်ကူချောမွေ့စွာ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
ထို့ပြင် ဟုမ္မလင်းမြို့နယ်တွင်လည်း ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ဖြင့် GSM မိုဘိုင်းစခန်း ၁၅ ခုကို ဖုန်းခေါ်ဆိုမှု (အသံ)၊ စာတိုပေးပို့မှု (SMS) ဖွင့်လှစ် အသုံးပြုပေးထားကာ Transmission အဝေးဆက် ကြောင်းလိုင်းဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေသေးသဖြင့် ပြည်သူများ ဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့် သတ်မှတ်နေရာတွင် အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။
အလားတူ ဖောင်းပြင်မြို့နယ်တွင်လည်း မိုက္ကရို ဝေ့အဝေးဆက်ကြောင်းနှင့် ပင်မဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှု ဖြစ်ပွားနေရခြင်းအတွက် လက်ရှိတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် အသုံးပြု၍ ဖောင်းပြင်မြို့နယ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


