နေပြည်တော် ဩဂုတ် ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကိုပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူ အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် ဇူလိုင် ၂၇ ရက်တွင် အဆိုပါဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံ ရှစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်နေကြသူ အမျိုးသား ၆၅၂ ဦး၊ အမျိုးသမီး ၁၂၅ ဦး စုစုပေါင်း ၇၇၇ ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် ကွန်ပျူတာ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးနှင့် Star Link တစ်လုံးတို့ကိုလည်း ပြန်လည်အသုံးမပြုနိုင်စေရန်အတွက် ဩဂုတ် ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးပြီးဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် နေရာရှိ တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ပြန်လည်အသုံးပြုခြင်းမရှိစေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ဌာနဆိုင်ရာအဖွဲ့များဖြင့် ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၂ ရက်တွင် နှစ်ထပ်တိုက် လူနေအဆောက်အအုံ နှစ်လုံး၊ ဩဂုတ် ၁၃ ရက်တွင် တစ်ထပ် လူနေအဆောက်အအုံ တစ်လုံး၊ ဩဂုတ် ၁၄ ရက်တွင် တစ်ထပ်လူနေအဆောက်အအုံ တစ်လုံး၊ ဩဂုတ် ၁၅ ရက်တွင် တစ်ထပ်လူနေအဆောက်အအုံ တစ်လုံး၊ ဩဂုတ် ၁၆ ရက်တွင် တစ်ထပ်လူနေအဆောက်အအုံ တစ်လုံး၊ ယနေ့တွင် တစ်ထပ်လူနေအဆောက်အအုံ တစ်လုံးနှင့် သုံးထပ်လူနေအဆောက်အအုံ တစ်လုံး စုစုပေါင်းအဆောက်အအုံ ရှစ်လုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် အထက်ပါဖမ်းဆီးရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျားပေ ၁၀၀၊ အနံပေ ၄၀ သွပ်မိုးတစ်ထပ်အဆောက်အအုံ တစ်လုံး၊ အလျားပေ ၈၀ ၊ အနံပေ ၂၀ သွပ်မိုး တစ်ထပ်အဆောက်အအုံ တစ်လုံး၊ အလျားပေ ၅၀ ၊ အနံပေ ၄၀ သွပ်မိုး တစ်ထပ်အဆောက်အအုံ နှစ်လုံး၊ အလျားပေ ၅၀ ၊ အနံပေ ၂၀ သွပ်မိုး တစ်ထပ်အဆောက်အအုံ တစ်လုံး၊ အလျားပေ ၉၀ ၊ အနံပေ ၂၀ သွပ်မိုး တစ်ထပ်အဆောက်အအုံ တစ်လုံး၊ အလျားပေ ၃၀၊ အနံပေ ၂၀ Steel Structure ရေတိုင်ကီအကြီးနှစ်လုံးပါ သွပ်မိုးအဆောက်အအုံ တစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား အခကြေးငွေရယူပြီး အကာအကွယ်ပေးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


