ရန်ကုန် ဩဂုတ် ၁၆
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက စီစဉ်ကျင်းပမည့် ပြည်ပကလပ်အသင်းများပါဝင်သော နိုင်ငံတကာဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပြည်တွင်းကလပ် ငါးသင်း၊ ပြည်ပနိုင်ငံများမှ ကလပ်အသင်း သုံးသင်း စုစုပေါင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ နိုင်ငံတကာဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများဖြစ်သည့် YRG အသင်း၊ YCDC Dream Team အသင်း၊ MIU အသင်း၊ M2K အသင်းနှင့် TG United အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။ ပြိုင်ပွဲကို လေးသင်း နှစ်အုပ်စုခွဲ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်းစီ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ သြဂုတ် ၁၆ ရက်အထိ ထုတ်ပြန်မှုအရ ပြည်ပကလပ်သုံးသင်းစလုံး ထွက်ပေါ်ခဲ့ပြီး ထိုင်းကလပ် Black Pearl United အသင်း၊ ကမ္ဘောဒီးယားကလပ် Lucky အသင်း၊ အင်ဒိုနီးရှားကလပ် ဘလက်ခ်စတီးအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ယခုကျင်းပမည့် နိုင်ငံတကာဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲမှာ မြန်မာဖူဆယ်လောကတွင် ပထမဆုံး လက်ခံကျင်းပမည့် နိုင်ငံတကာကလပ် ဖိတ်ခေါ်ပြိုင်ပွဲလည်းဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MFF


