၂၀၂၆ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် အင်္ဂလန်ကလပ်အသင်းကြီးများဖြစ်သည့် အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့ ဩဂုတ် ၁၆ ရက် ညပိုင်းက ကာဒစ်ဖ်မြို့ ပရင်စီပယ်လီတီ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ကွန်မြူနတီဒိုင်းဆုကို ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ပွဲစပြီး ၂၄ စက္ကန့်အကြာတွင်ပင် ဦးဆောင်ဂိုးရရှိခဲ့ပြီး လူးဝစ်-စကယ်လီ၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ရီကာဒိုကာလာ ဖီအိုရီက သွင်းယူခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ဦးဆောင်ဂိုးရရှိပြီးနောက်လည်း တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ ကိုင်ဟာဗတ်ဇ်က ခေါင်းတိုက်၍ သွင်းယူခဲ့ပြီး ခရစ္စတိုစ် ဇိုလစ်က ဂိုးဖန်တီးပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်းအပြီးတွင် အာဆင်နယ်က ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ပွဲချိန် ၄၈ မိနစ်တွင် အာဆင်နယ်အသင်းက တတိယဂိုးရရှိခဲ့သည်။ မာတင် အိုဒီဂတ်က သွင်းယူခဲ့ခြင်းဖြစ်ပြီး ခရစ္စတိုစ် ဇိုလစ်က ထပ်မံဖန်တီးပေးခဲ့သည်။ ထို့ကြောင့် ဇိုလစ်သည် ယင်းပွဲတွင် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
သုံးဂိုးပြတ်ဖြင့် ဦးဆောင်ပြီးနောက် အာဆင်နယ်အသင်းက ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် အခွင့်အရေးများရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ၏ ကာကွယ်မှုများကလည်း အသင်း၏အနိုင်ရလဒ်နှင့် ပေးဂိုး မရှိစံချိန်အတွက် အရေးပါခဲ့သည်။
အာဆင်နယ်အသင်းအတွက် ယခုပွဲအောင်ပွဲသည် ကွန်မြူနတီဒိုင်း (၁၈)ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး ရာသီသစ်မစတင်မီ ဆုဖလားတစ်လုံးဖြင့် အောင်မြင်စွာစတင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ယခုပွဲတွင် အာဆင်နယ်၏ ပွဲအစပိုင်း ဖိအားပေးကစားနိုင်မှု၊ တိုက်စစ်မှူးများ၏ အခွင့်အရေး အသုံးချနိုင်မှုနှင့် နောက်တန်း၏စုစည်းကာကွယ်မှုတို့က အဓိကအနိုင်ရစေခဲ့သည့် အချက်များဖြစ်သည်။ မန်စီးတီးအသင်းအတွက်မူ နည်းပြသစ် အန်ဇို မာရက်စ်ကာလက်ထက် ပထမဆုံးအရေးပါသည့်ပွဲတွင် အာဆင်နယ်၏ဖိအားပေးမှုကို ထိထိရောက်ရောက်မတုံ့ပြန်နိုင်ခဲ့ခြင်းက အဓိကအားနည်းချက်ဖြစ်ခဲ့သည်။
မင်းသုတ


