အာကာသသည် ဟင်းလင်းပြင်မဟုတ်

လွန်ခဲ့သော နှစ်ပေါင်း ၉၀၊ ၁၉၃၆ ခုနှစ်က ရူပဗေဒပညာရှင် ဝါနာဟိုင်းဇင်းဘတ်နှင့် တပည့်ဖြစ်သူ ဟန်စ်အွိုင်လာတို့က အာကာသသည် ဘာမျှမရှိသည့် ဟင်းလင်းပြင်မဟုတ်ဘဲ အီလက်ထရွန်-ပိုစီထရွန်အမှုန်စုံတွဲတို့ ဖြစ်ပျက်နေသည့် ပင်လယ်တစ်ခုဖြစ်သည်ဟု အဆိုပြုခဲ့သည်။ ကွမ်တမ် မက္ကင်းနစ်ကိုအခြေပြု၍ တည်ဆောက်ထားသော ထိုအဆိုပြုချက်ကို အားလုံးကလက်ခံခဲ့ကြသော်လည်း  ယနေ့အချိန်အထိ လက်တွေ့သက်သေမပြနိုင်သေးပေ။

ယခု ဂျော့ဝါရှင်တန်တက္ကသိုလ်မှ ရူပဗေဒဘွဲ့လွန်ကျောင်းသား ရက်ချယ်စတူးဝပ်  ဦးဆောင်သည့်အဖွဲ့က ကြယ်သေအကြွင်းအကျန်တစ်ခုထဲမှလာသည့် အချက်ပြမှုများကို လေ့လာရင်း ထိုအဆိုပြုချက်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ထိုသဘောတရားကို သာမန်နေရာများတွင် အတည်ပြု၍ မရနိုင်သော်လည်း မဂ္ဂနက်တာဟုခေါ်သည့် သံလိုက်အားအလွန်ပြင်းသောအရာများ၏ အနီးတွင်မူ လေ့လာစမ်းသပ်၍ ရနိုင်သည်ဟု သီအိုရီက အဆိုပြုထားသည်။ အကြောင်းမှာ အလွန်ပြင်းသော သံလိုက်စက်ကွင်းအနီးရှိ အာကာသထဲတွင် နှစ်ထပ်အလင်း ယိုင်ခြင်းဖြစ်ပါက အာကာသသည် ဘာမှမရှိသည့် ဟင်းလင်းပြင်မဟုတ်ဟု သက်သေပြနိုင်၍ဖြစ်သည်။

စတူးဝပ်တို့အဖွဲ့က ကြယ်သေတစ်လုံးကိုလေ့လာရင်း အဆိုပါနှစ်ထပ်အလင်းပြန်မှုကို   ထောက်လှမ်းမိခဲ့ခြင်းဖြစ်သည်။ “အဲဒီ  ကြယ်သေကိုကြည့်နေရင်း   ကျွန်တော်တို့ရလာတဲ့   သတင်း အချက်အလက်က ကျွန်တော်တို့သိထားတဲ့ အမှန်တရားအတိုင်းဖြစ်နေပါတယ်။ အလွန်ကို အံ့ဩဝမ်းသာဖို့ကောင်းပါတယ်”ဟု စတူးဝပ်က ဆိုသည်။

စာတမ်းတွဲဖက်ရေးသားသူတစ်ဦးဖြစ်သည့် မစ်ရှယ်လာနီဂရိုးက “ကျွန်မတို့ဟာ နက္ခတ္တဝတ္ထုတွေကို လေ့လာနေရုံတင်မဟုတ်တော့ပါဘူး။ အဲဒါတွေကို အသုံးချပြီး လောကသဘာဝကို နားလည်အောင် လုပ်တာဖြစ်နေပါပြီ” ဟု ဆိုသည်။

နက္ခတ္တဗေဒပညာရှင်တို့သည် ယခင်က ထိုသို့ဖြစ်စဉ်မျိုးကို တွေ့ရှိခဲ့ဖူးသော်လည်း ကောက်ချက်မချနိုင်ခဲ့ကြပေ။ ၂၀၁၇ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်က တစ်ကြိမ် တွေ့ရှိခဲ့ကြသည်။ ယခု  လေ့လာတွေ့ရှိချက်ကမူ ကြယ်သေအကြွင်းအကျန်၏ ပတ်ဝန်းကျင်တွင် နှစ်ထပ်အလင်းယိုင်သည့် သဘော တရားကို   အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

Ref: space.com