ရန်ကုန် ဩဂုတ် ၁၆
ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံ၏ခိုင်မာသည့်သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုတန်ဖိုးများ သိရှိနားလည်လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရန်၊ ဘိုးဘွားများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်ရှိစေရန်နှင့် အာကာသဆိုင်ရာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အထက (လှည်းကူး)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများသည် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်များသို့ ကြည့်ရှုလေ့လာကြသည်။
ဦးစွာ ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ခေတ်အဆက်ဆက်သမိုင်း မှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ဝင်စားစွာကြည့်ရှုလေ့လာကြပြီး အမျိုးသားပြတိုက်မှ တာဝန်ရှိသူက အမျိုးသားပြတိုက်၏ သက်တမ်း၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အာကာသပြတိုက်ရှိ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ အာကာသအတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများစသည့် အာကာသဆိုင်ရာ ဗဟုသုတများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


