ဒေါက်တာစိုင်းလပြည့်အောင် (မွေး/ကု)
ကမ္ဘာတစ်ဝန်းရှိ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွားများ၏ နို့နှင့် အသားထုတ်လုပ်မှုသည် လူသားတို့၏ စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ သို့သော်လည်း မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်နေသည့် အဓိကအတားအဆီးတစ်ခုမှာ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းပင်ဖြစ်သည်။
ထိုရောဂါများထဲတွင် Brucella abortus ဗက်တီးရီးယားကြောင့် ဖြစ်ပွားသော ဘရူဆဲလ်လား သားလျှောရောဂါသည် မွေးမြူရေးလုပ်ငန်းရှင်များ အထူးဂရုပြုရမည့် စီးပွားရေးအရ ထိခိုက်မှု အများ ဆုံးရောဂါတစ်ခုဖြစ်သည်။ ဘရူဆဲလ်လားသား လျှောရောဂါကြောင့် မွေးမြူရေးကဏ္ဍတွင် ကြီးမားသောဆုံးရှုံးမှုများကို နည်းလမ်းမျိုးစုံဖြင့် ရင်ဆိုင်ရတတ်သည်။
ကျွဲ၊ နွားများ၏ ဇီးကာလ နောက်ဆုံးရက် သတ္တပတ်ကာလများတွင် သားလျှောခြင်းကြောင့် ကျွဲ၊ နွား သားပေါက်မှုကောင်ရေ ဆုံးရှုံးရသဖြင့် စီးပွားရေးအရတိုက်ရိုက်ဆုံးရှုံးနိုင်သည်။ ရောဂါပိုး ကြောင့် နို့ထွက်နှုန်း သိသိသာသာလျော့ကျသွားပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းများကို အရှုံးပေါ်စေပါ သည်။ ထို့ပြင် ရောဂါပိုးသည် မျိုးပွားစနစ်ကို ပျက်ပြားစေသဖြင့် ဇီးကာလ ခုနစ်လဝန်းကျင်တွင် သားလျှောပြီး အချင်းကျန်ခြင်း၊ သားအိမ်ရောင်ခြင်းနှင့် နာတာရှည်မြုံခြင်းတို့ကြောင့် ကျွဲ၊ နွားမ များကို ခြံမှ စောစီးစွာ နုတ်ပယ်ရတတ်သည်။
ကျွဲ၊ နွား၊ သိုးများတွင် ရောဂါပိုးဝင်ပါက ဝှေးစေ့များ ရောင်ရမ်းနာကျင်လာတတ်သည်။ ထို့ကြောင့် သုတ်ကောင်အရည်အသွေး ကျဆင်းကာ မျိုးမအောင် နိုင်တော့ပေ။ အချို့သောနွားများတွင် အဆစ်အမျက်များ၌ အရည်အိတ်တည်ကာ ရောင်ရမ်းခြင်း၊ ခြေထော့ခြင်းတို့ကို ဖြစ်စေသည်။ အထူးဂရုပြုရ မည့်အချက်မှာ ရောဂါပိုးရှိသော ကျွဲ၊ နွားမ တစ်ကောင်သည် ပထမအကြိမ်တွင် သားလျှောနိုင်သော်လည်း နောက်ပိုင်း သားစပ်ဇီးတင်ခြင်းများတွင် သားမလျှောဘဲ ပုံမှန်အတိုင်း မွေးဖွားနိုင်ပါသည်။
သို့သော် ယင်းနွားမသည် ရောဂါပိုးကို တစ်သက်လုံးသယ်ဆောင်ထားပြီး သားပေါက်ပွား ချိန်တိုင်းတွင် ရောဂါပိုးများကို အမြောက်အမြား ဆက်လက်ထုတ်လုပ်ပျံ့နှံ့စေတတ်သဖြင့် အန္တရာယ် ကြီးမားပါသည်။ ရောဂါပိုးကူးစက်ခံနေရသော ခြံ သို့မဟုတ် ဒေသတစ်ခုသည် ပြည်တွင်း/ ပြည်ပသို့ မျိုးနွားနှင့် နို့ထွက်ပစ္စည်းများ ကုန်သွယ်ရာတွင် ပိတ်ဆို့ကန့်သတ်ခံရမှုများ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ဘရူဆဲလ်လားသားလျှောရောဂါကို ထိရောက်စွာ ရှာဖွေဖော်ထုတ်ထိန်းချုပ်နိုင်ခြင်းသည် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအဆင့် မျှသာမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ မွေးမြူရေး၊ စီးပွားရေးကဏ္ဍတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။
မွေးမြူရေးသမားများလိုက်နာရမည့် ဇီဝလုံခြုံမှု (Biosecurity)
မွေးမြူရေးခြံများတွင် ဘရူဆဲလ်လားသားလျှော ရောဂါအပါအဝင် အခြားသော ကူးစက်ရောဂါများ ခြံအတွင်းသို့ ရောဂါပိုးဝင်ရောက်မလာစေရန်နှင့် ခြံတွင်းရှိ ရောဂါပိုးများ အပြင်သို့ ပြန့်ပွားမသွားစေ ရန်အတွက် ဇီဝလုံခြုံမှုစနစ်သည် အရေးကြီးဆုံး တံတိုင်းတစ်ခုဖြစ်သည်။
ခြံတစ်ခုတွင် ရောဂါအသစ်ကူးစက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အပြင်မှ ရောဂါပိုး သယ်ဆောင်လာသော တိရစ္ဆာန်အသစ်များကို စနစ်တကျ စိစစ်ခြင်းမရှိဘဲ ခြံထဲသို့ ချက်ချင်း ရောနှောထည့်သွင်းခြင်းကြောင့်ဖြစ်သည်။ အပြင်မှ ဝယ်ယူလာသော ကျွဲ၊ နွား များကို အနည်းဆုံး ရက် ၃၀ မှ ၄၅ ရက်အထိ သီးခြားတင်းကုပ်တွင် ခွဲထား၍ စောင့်ကြည့်ရမည်။ သီးခြားခွဲထားစဉ်ကာလအတွင်း ဘရူဆဲလ်လားသားလျှောရောဂါ ရှိ၊ မရှိအတွက် သွေးရည်ကြည်စစ်ဆေးခြင်းနှင့် အခြားသော အရေးကြီး ကူးစက်ရောဂါများကို တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ကာ သေချာစွာစစ်ဆေးရမည်။ တိရစ္ဆာန်များကို ဝယ်ယူရာတွင် ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်ရှိသောခြံများ သို့မဟုတ် ရောဂါကင်းစင်နယ်မြေများမှသာ ရွေးချယ်ဝယ်ယူသင့်သည်။
ဘရူဆဲလ်လားသားလျှောရောဂါသည် မျိုးပွားလမ်းကြောင်းမှတစ်ဆင့် အဓိကကူးစက်သဖြင့် သားစပ်ခြင်းလုပ်ငန်းစဉ်တွင် ထိန်းချုပ်မှုအလွန် လိုအပ်သည်။ သဘာဝအတိုင်း မျိုးနွားသိုးဖြင့် သားစပ်ခြင်းသည် အထီးများမှတစ်ဆင့် အမများဆီသို့ ရောဂါအမြန်ဆုံးပြန့်ပွားစေနိုင်သည်။ ထို့ကြောင့် ရောဂါပိုးကင်းစင်ကြောင်း ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးသား မျိုးရည်ခဲချောင်းကိုသာ အသုံးပြု၍ မေထုန်မဲ့မျိုးစပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သဘာဝအတိုင်းသားစပ်မည့် မျိုးနွားသိုးကို အသုံးပြုရမည်ဆိုပါက ထိုမျိုးနွားသိုးကို တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် ဘရူဆဲလ်လားသားလျှော ရောဂါ ရှိ၊ မရှိ သွေးစစ်ရပါမည်။
ဇီးရှိ နွားမသားပေါက်ပါက ထိုနွားမကို အခြား ကျွဲ၊ နွားများနှင့် ချက်ချင်းခွဲထုတ်ရမည်။ အကယ်၍ သားလျှောခြင်းဖြစ်ပေါ်ပါက မိမိမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပေးကာ တိရစ္ဆာန်ဆေးကုဆရာဝန်၏ ညွှန်ကြားချက်ဖြင့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ဘရူဆဲလ် လား သားလျှောရောဂါ ရှိ၊ မရှိ စစ်ဆေးချက်အဖြေ ရယူရမည်။ သားလျှောကျသွားသော သန္ဓေသား၊ အချင်းနှင့် သားအိမ်မှ ထွက်သော အရည်များကို ထုံးမှုန့်ဖြူး၍ မြေနက်နက်မြှုပ်ခြင်း သို့မဟုတ် မီးရှို့ ဖျက်ဆီးခြင်း ပြုလုပ်ရမည်။ ၎င်းနေရာကို ပိုးသတ်ဆေးပြင်းပြင်းဖြင့် ချက်ချင်းဆေးကြောရမည်။
လူ့အသုံးအဆောင် ဖိနပ်၊ အဝတ်အစားနှင့် မော်တော်ယာဉ်များ၏ ကားဘီးများသည် ရောဂါပိုး များကို ခြံတစ်ခုမှတစ်ခုသို့ သယ်ဆောင်ပေးသည့်ကြားခံများဖြစ်သဖြင့် ခြံပတ်ပတ်လည်ကို လုံခြုံ သော ခြံစည်းရိုးခတ်ထားပြီး အပြင်လူ သို့မဟုတ် လေလွင့် တိရစ္ဆာန်များ အလိုအလျောက် မဝင်နိုင် အောင် တားဆီးရမည်။ ခြံအဝင်ဝတွင် ဖိနပ်ပိုးသတ်ကန်နှင့် မော်တော်ယာဉ်များ ဖြတ်သန်းရမည့် ပိုးသတ်ဆေးရည်ကန်များကို ထားရှိရမည်။ ခြံထဲသို့ ဝင်ရောက်မည့် အလုပ်သမားများနှင့် ဧည့်သည်များ သည် ခြံတွင်းသုံး သီးသန့် ဖိနပ်နှင့် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ရမည်။
ဘရူဆဲလ်လားသားလျှောရောဂါပိုးသည် လူကိုပါ ကူးစက်နိုင်သဖြင့် ခြံလုပ်သားများကိုယ်တိုင် ဘေးကင်းစေရန် လုပ်ဆောင်ရမည်။ ကျွဲ၊ နွားလေးများသားပေါက်ခြင်းကို ကူညီရာတွင်သော်လည်း ကောင်း၊ သားလျှောထားသည်များကို ကိုင်တွယ်ရာ တွင်သော်လည်းကောင်း ရော်ဘာလက်အိတ်ရှည် များကို မဖြစ်မနေ ဝတ်ဆင်ရမည်။ လုပ်ငန်းခွင်ပြီးဆုံးတိုင်း လက်ကို ပိုးသတ်ဆေး၊ ဆပ်ပြာဖြင့် စင်ကြယ် စွာ ဆေးကြောရမည်။
ဇီဝလုံခြုံမှုဆိုသည်မှာ ကုန်ကျစရိတ် အများကြီး သုံးရသည့် နည်းလမ်းထက် နေ့စဉ်စနစ်တကျ ဂရုစိုက်ရမည့် အလေ့အကျင့်ကောင်းများသာ ဖြစ်သည်။ ထိုစနစ်ကို တိကျစွာ လိုက်နာခြင်းဖြင့် ခြံအတွင်းသို့ ရောဂါပိုးဝင်ရောက်မှုကို အထိရောက်ဆုံး တားဆီးနိုင်ပြီး မွေးမြူရေးလုပ်ငန်းကို ရေရှည် တွင် အမြတ်ဆုံးရှုံးမှုကင်းဝေးစေကာ အောင်မြင်ဖြစ်ထွန်းစေမည်ဖြစ်သည်။
လူသို့ ကူးစက်နိုင်သည့် အန္တရာယ်များနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်
ဘရူဆဲလ်လားသားလျှောရောဂါသည် တိရစ္ဆာန် များတင်မကဘဲ လူကိုပါ ဒုက္ခပေးနိုင်သည့် အရေးကြီးသော တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါ ဖြစ်သည်။ ရောဂါပိုးရှိသော ကျွဲ၊ နွားမှ ညှစ်ထားသည့် နို့စိမ်းများကို ပိုးသတ်ခြင်း (Pasteurization) သို့မဟုတ် ကျိုချက်ခြင်းမပြုလုပ်ဘဲ သောက်သုံးမိ ခြင်း၊ ယင်းနို့စိမ်းဖြင့် ပြုလုပ်ထားသော ဒိန်ခဲ၊ ဒိန်ချဉ် များကို စားသုံးမိခြင်းမှတစ်ဆင့် အဓိကကူးစက်နိုင်သည်။ လက်အိတ်မပါဘဲ သားလျှောထားသော သန္ဓေသား၊ အချင်း၊ သားအိမ်မှထွက်သော အရည်များကို ကိုင်တွယ်ရာမှ အရေပြားအနာ သို့မဟုတ် မျက်စိအမြှေးပါးတို့မှတစ်ဆင့် ပိုးဝင်ကာကူးစက်နိုင်ပါသည်။ ထို့ပြင် သားသတ်ရုံများ သို့မဟုတ် ဓာတ်ခွဲ ခန်းများတွင် ဗက်တီးရီးယားပါဝင်သော အမှုန်အမွှားများကို ရှူရှိုက်မိရာမှလည်း ကူးစက်နိုင်ပါသည်။
လူတွင် ရောဂါပိုးကူးစက်ခံရပါက အဖျားတက်လိုက်၊ ကျလိုက်ဖြစ်သော အဖျားရောဂါကို ခံစားရတတ်သည်။ ထို့အပြင် ညဘက်တွင် အလွန်အမင်း ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ တစ်ကိုယ်လုံးရှိ အဆစ်အမျက်များနှင့် ကြွက်သားများ ပြင်းထန်စွာ ကိုက်ခဲခြင်းနှင့် ကာလကြာရှည်စွာ နာတာရှည် မောပန်းနွမ်းနယ်ခြင်းဖြစ်စေသည်။ အမျိုးသားများတွင် ဝှေးစေ့ရောင်ခြင်းဖြစ်စေ၍ အမျိုးသမီးများတွင် သားလျှောခြင်းဖြစ်ခဲသော်လည်း ဖြစ်နိုင်သည်။
ရောဂါရင့်လာပါက နှလုံးအဆို့ရှင်ရောင်ခြင်းနှင့် အာရုံကြောစနစ်ကို ထိခိုက်ပြီး အသက်အန္တရာယ် အထိ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဘရူဆဲလ်လား သားလျှောရောဂါကို ထိန်းချုပ်ရာတွင် တိရစ္ဆာန် ကျန်းမာရေးနှင့် လူသားကျန်းမာရေးကို တစ်ပြိုင်နက်တည်း အလေးထားသည့် လူနှင့်တိရစ္ဆာန် တစ်ခုတည်းသော ကျန်းမာရေးရှုထောင့်ဖြင့် ချဉ်းကပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ဘရူဆဲလ်လားသားလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများ
တရုတ်နိုင်ငံတွင် ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်မှ ၂၉ ရက်အထိ ဘရူဆဲလ်လား သားလျှောရောဂါ ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသနိုင်ငံပေါင်း ၁၁ နိုင်ငံ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ လည်း ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်တက်ရောက်ခဲ့ရာ လေ့လာခဲ့ရသော တရုတ်နိုင်ငံ၏ ဘရူဆဲလ်လား သားလျှောရောဂါ ထိန်းချုပ်ပုံများကို ဝေမျှလိုပါသည်။
တရုတ်နိုင်ငံသည် မွေးမြူရေးကဏ္ဍ ကြီးထွားလာသည်နှင့်အမျှ ဘရူဆဲလ်လားသားလျှောရောဂါ ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် ခေတ်မီဓာတ်ခွဲခန်းကွန်ရက်များနှင့် စနစ်တကျ တိကျသောရောဂါထိန်းချုပ်ရေး မဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖော်လျက် ရှိသည်။ တရုတ်နိုင်ငံသည် ကွင်းဆင်းစစ်ဆေးခြင်းမှသည် ဗဟိုဓာတ်ခွဲခန်းအပြီးသတ်အထိ အဆင့်ဆင့် စနစ်တကျစစ်ဆေးသည့် စနစ်ကိုသုံးသည်။ အကြိုစစ်ဆေးခြင်းအဖြစ် Rose Bengal Plate Test (RBPT) နှင့် နို့စားနွားခြံများအတွက် Milk Ring Test (MRT)တို့ကို သုံးပြီး ရောဂါသံသယရှိသော နွားအုပ်စုများကို အမြန်ဆုံးခွဲထုတ်ပါသည်။
ထို့နောက် ပိုမိုတိကျသော Enzyme-Linked Immunosorbent Assay (ELISA) နည်းပညာနှင့် Complement Fixation Test (CFT) နည်းပညာတို့ကို အသုံးပြုကာ ရောဂါ ရှိ၊ မရှိ အပြီးသတ် အတည်ပြုသည်။ လိုအပ်လျှင် PCR (Polymerase Chain Reaction) မော်လီကျူလာနည်းပညာကို သုံးပြီး ဘရူဆဲလ်လားသားလျှောရောဂါပိုးမျိုးစိတ်နှင့် မျိုးကွဲများကို မျိုးဗီဇအဆင့်အထိ ခွဲခြားစိတ်ဖြာ ပါသည်။ တရုတ်နိုင်ငံသည် နယ်မြေအလိုက် ကာကွယ်ဆေးထိုးခြင်းများလည်း ဆောင်ရွက်ပါသည်။
ရောဂါဖြစ်ပွားမှုနှုန်းပေါ်မူတည်၍ ဒေသများကို ခွဲခြားထားပြီး ကာကွယ်ဆေးထိုးနှံမှုကို စနစ်တကျ လုပ်ဆောင်သည်။ ရောဂါဖြစ်ပွားမှုမြင့်မားသော ဇုန်များတွင် မွေးမြူထားသော နွားမတမ်းငယ်များကို ကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံစေပါသည်။ ရောဂါပိုးတွေ့ရှိသော တိရစ္ဆာန်များကို ခြံတွင်း၌ ထားရှိခွင့်မပြုဘဲ စနစ်တကျ သားသတ်ရုံသို့ ပို့ဆောင်ဖယ်ရှားစေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် မွေးမြူရေးသမားများနစ်နာမှုမရှိစေရန်နှင့် ရောဂါကို ဖုံးကွယ်မထားစေရန်အတွက် အစိုးရမှ ထိုက်တန်သော လျော်ကြေးငွေကို ချက်ချင်းပေးအပ်သည့် စနစ်ကိုကျင့်သုံးသည်။ တိရစ္ဆာန်များကို ပြည်နယ် တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းရာတွင် တင်းကျပ်သောသီးခြားခွဲထုတ်စောင့်ကြည့်ခြင်း (Quarantine) စနစ် နှင့် သွေးစစ်ချက်လက်မှတ်ပါရှိမှသာ သယ်ဆောင်ခွင့်ပြုသည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း လက်ရှိပကတိ အခြေအနေများနှင့် ပေါင်းစပ်ကာ လိုက်လျော ညီထွေမှုရှိသော လုပ်ငန်းစဉ်များဖြင့် အကောင် အထည်ဖော်သွားမည်ဆိုပါက ရောဂါဖြစ်ပွားမှု ကို အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ဘရူဆဲလ်လားသားလျှောရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းအားဖြင့် ကျွဲ၊ နွား မျိုးကောင်း မျိုးသန့်များကို ကာကွယ်နိုင်ပြီး ခြံများ၏ ကုန်ထုတ် စွမ်းအား မြင့်မားလာမည်။ နို့နှင့် အသားထုတ်လုပ်မှု တိုးတက်လာပြီး ပြည်တွင်းစားရေရိက္ခာဖူလုံရုံသာမက ပြည်ပသို့ပါ တင်ပို့နိုင်သည့် အဆင့်မြင့်မွေးမြူ ရေးလုပ်ငန်းများ ဖြစ်ထွန်းလာမည်။ တိရစ္ဆာန်မှ လူသို့ကူးစက်မှုကို တားဆီးနိုင်သဖြင့် မွေးမြူရေး လုပ်သားများနှင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်။
နိဂုံးချုပ်အားဖြင့် ဘရူဆဲလ်လားသားလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိရစ္ဆာန်ကူးစက်ရောဂါ တစ်ခုကို နှိမ်နင်းခြင်းမျှသာမဟုတ်ဘဲ မြန်မာ့မွေးမြူ ရေးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်မီတိုးတက်လာစေရန်အတွက် မရှိမဖြစ် လုပ်ဆောင်ရမည့် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ် ပါသည်။ ။


