အစ္စရေးတပ်ဖွဲ့က ဟားမတ်စ်တပ်ခွဲမှူး တစ်ဦးကို တိုက်ခိုက်ချေမှုန်းခဲ့

ဂျေရုဆလင်  ဩဂုတ်  ၁၆

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းအပေါ် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသော ဟားမတ်စ်တပ်ခွဲမှူး တစ်ဦးကို တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဟားမတ်စ်အဖွဲ့၏ စစ်ရေးဌာနခွဲဖြစ်သော ရှန်တီတပ်ရင်းတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်  မူဟာမတ် ဘာဆမ် မူဟာမတ် မတ်ရှ်တာဟာအား လွန်ခဲ့သော နှစ်ပတ်ခန့်က ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း၌ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ပွဲကာလတစ်လျှောက်လုံး အစ္စရေးနိုင်ငံသား ဓားစာခံအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားရာတွင် မတ်ရှ်တာဟာက ပါဝင်ပတ်သက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ မတ်ရှ်တာဟာသည် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများပြုလုပ်ရန် ကြိုးပမ်းခဲ့သဖြင့် အစ္စရေးတပ်မတော်က ၎င်းကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကိုးကား -  ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်