ဝေဖြိုးအောင်
၂၁ ရာစု၏ အကြီးမားဆုံးသော စိန်ခေါ်မှုများထဲတွင် ရာသီဥတုပြောင်းလဲမှု၊ သယံဇာတရှားပါးလာမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတို့ ပါဝင်သည်။ ကမ္ဘာတစ်ဝန်းရှိ ဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများက ကမ္ဘာ့စွမ်းအင်သုံးစွဲမှု၏ ၃၆ ရာခိုင်နှုန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှု၏ ၃၉ ရာခိုင်နှုန်းခန့်ကို တာဝန်ရှိနေပါသည်။ ထို့ကြောင့် ရိုးရာဆောက်လုပ်ရေးနည်းစနစ်များမှသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိမ်းလန်းသော အဆောက်အအုံစနစ်များသို့ ကူးပြောင်းရေးသည် နိုင်ငံတိုင်းအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် နိုင်ငံတော်အဆင့် မဟာဗျူဟာတစ်ရပ် ဖြစ်လာပါသည်။
စိမ်းလန်းသော အဆောက်အအုံဆိုသည်မှာ အဆောက်အအုံတစ်ခု၏ သက်တမ်းတစ်လျှောက်လုံး (ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်အသုံးပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်မွမ်းမံခြင်း မှစ၍ ဖြိုဖျက်ဖယ်ရှားခြင်းအထိ)တွင် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် အရင်းအမြစ်များကို အကျိုးရှိဆုံး အသုံးချနိုင်ရန် ရည်ရွယ်တည်ဆောက်ထားသော အဆောက်အအုံ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင်လည်း Smart City အယူအဆများနှင့်အတူ Green Building သဘောတရားများကို စည်ပင်သာယာရေးကော်မတီများ၊ မြို့ပြစီမံကိန်းရေးဆွဲသူ များနှင့် အုပ်ချုပ်ရေးယန္တရားများက စတင်အာရုံစိုက်လာပြီဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် အားလျော်စွာ Green Building ဟုဆိုလျှင် ငွေကုန်ကြေးကျများပြားသော နိုင်ငံတကာအဆင့်မီ နည်းပညာကြီးများကိုသာ အသုံးပြုရမည်ဟု အထင်အမြင်လွဲမှားမှုများ ရှိနေတတ်သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ ရာသီဥတုနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအရ ငွေကြေးအကုန် အကျအနည်းဆုံး (သို့မဟုတ်) လုံးဝငွေမကုန်ဘဲ အသုံးချနိုင်သော အစိမ်းရောင်ဗိသုကာနည်းပညာများ အမြောက်အမြားရှိနေပါသည်။
Green Building များ၏ အနာဂတ်နှင့် Smart City ပေါင်းစပ်မှု
အနာဂတ်မြို့ပြအုပ်ချုပ်ရေးတွင် Green Buil-ding များက သီးခြားရပ်တည်နေသော အဆောက် အအုံများမဟုတ်တော့ဘဲ Smart City ၏ အဓိကကျသော အစိတ်အပိုင်းများအဖြစ် ပေါင်းစပ်ပါဝင် လာမည်ဖြစ်သည်။ ဒီဂျစ်တယ်နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အဆောက်အအုံများ သည် လူသားများ၏ လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းနိုင်သော Cognitive Buildings များအဖြစ် ပြောင်းလဲလာမည်ဖြစ်သည်။
အနာဂတ် Green Building များ၏ အဓိက ဦးတည်ချက်မှာ စွမ်းအင်သုံးစွဲမှုကို အတတ်နိုင်ဆုံး လျှော့ချပြီး လိုအပ်သောစွမ်းအင်ကို မိမိဘာသာ ပြန်လည်ထုတ်လုပ်နိုင်သည့် Net Zero Energy Building များ တည်ဆောက်ရေးဖြစ်သည်။ တစ်နှစ်တာကာလအတွင်း အဆောက်အအုံမှ သုံးစွဲလိုက်သော လျှပ်စစ်စွမ်းအင်ပမာဏနှင့် အဆောက်အအုံမှ (ဥပမာ- ဆိုလာစနစ်ဖြင့်) ပြန်လည်ထုတ်လုပ်ပေးသော စွမ်းအင်ပမာဏညီမျှနေခြင်းကို ဆိုလိုသည်။ ယင်းသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် ဓာတ်အားပေးစနစ်အပေါ် ဝန်ပိမှုများကို လျှော့ချပေးနိုင်သည့်အတွက် အမျိုးသားအဆင့် စီမံခန့်ခွဲမှုများတွင် အထူးအလေးထားရမည့်ကိစ္စရပ်ဖြစ်သည်။
Smart City ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဆောက်အအုံများအတွင်း Internet of Things (IoT) နည်းပညာများကို အသုံးပြု၍ အပူချိန်၊ အလင်းရောင်နှင့် လေဝင်လေထွက်များကို အလို အလျောက် ထိန်းချုပ်မည့်စနစ်များ တွင်ကျယ်လာမည်။ စည်ပင်သာယာရေးကော်မတီများအနေဖြင့် အချက်အလက်များကို ဗဟိုထိန်းချုပ်မှုစနစ်များမှတစ်ဆင့် စောင့်ကြည့်လေ့လာကာ မြို့တစ်မြို့လုံး ၏ စွမ်းအင်နှင့် ရေသုံးစွဲမှုပုံစံများကို စီမံခန့်ခွဲလာနိုင်မည်ဖြစ်သည်။
လက်ရှိ Green Building သဘောတရားသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် (Do no harm) သာ အဓိကထားသော်လည်း အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်စေ မည့် (Regenerative) ပုံစံများသို့ ပြောင်းလဲလာမည်။ ဥပမာ - လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးနိုင်သော အဆောက်အအုံမျက်နှာစာများ၊ ညစ်ညမ်းနေသော မြေအောက်ရေကို ပြန်လည် သန့်စင်ပေးနိုင်သော အခြေခံအုတ်မြစ်စနစ်များ ပါဝင်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ငွေမကုန်ဘဲ အသုံးချနိုင်သော Green Concepts များ
မြန်မာနိုင်ငံကဲ့သို့ အပူပိုင်း မုတ်သုံရာသီဥတုရှိသော ဒေသများတွင် ခေတ်မီစက်ပစ္စည်းများ အသုံးမပြုဘဲ ဗိသုကာဒီဇိုင်းသက်သက်ဖြင့် အပူချိန်နှင့် အလင်းရောင်ကို ထိန်းချုပ်နိုင်သောစနစ်များကို ငွေကြေးမကုန်ကျဘဲ အကောင်အထည်ဖော်နိုင်ပါသည်။ မြို့ပြစီမံကိန်းရေးဆွဲရာတွင် ဤအချက်များကို မူဝါဒအဖြစ် သတ်မှတ်ပေးရန်သာ လိုအပ်ပါသည်။
မည်သည့်နည်းပညာမျှမလို၊ အပိုကုန်ကျစရိတ် မရှိဘဲ အကျိုးသက်ရောက်မှု အကြီးမားဆုံးသော နည်းလမ်းဖြစ်သည်။ အဆောက်အအုံ၏ အရှည်ဆုံး မျက်နှာစာကို မြောက်ဘက်နှင့် တောင်ဘက်သို့ မျက်နှာမူထားခြင်းဖြင့် နံနက်ခင်း အရှေ့ဘက်မှ နေရောင်နှင့် ညနေခင်း အနောက်ဘက်မှ နေပြင်း ဒဏ် တိုက်ရိုက်ကျရောက်မှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။ အကယ်၍ မြေနေရာအနေအထားအရ အရှေ့နှင့် အနောက်မျက်နှာမူရမည်ဆိုပါက ထိုမျက်နှာစာများတွင် ပြတင်းပေါက်ဖောက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန် (သို့မဟုတ်) လှေကား၊ ရေချိုးခန်းနှင့် သိုလှောင်ခန်းများကို ထိုဘက်ခြမ်းတွင် ထားရှိခြင်းဖြင့် လူနေထိုင်သော အခန်းများသို့ အပူကူးစက်မှုကို တားဆီးနိုင်သည်။
လေအေးပေးစက်သုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် လေဝင်လေထွက် ကောင်းမွန်ရန် အလွန် အရေးကြီးသည်။ ပြတင်းပေါက်များကို မျက်နှာချင်းဆိုင် (သို့မဟုတ်) ထောင့်ဖြတ်ဖောက်လုပ်ပေးခြင်းဖြင့် လေပြင်းများ အလွယ်တကူ ဝင်ထွက်နိုင်စေသည်။ မြန်မာနိုင်ငံ၏ လေတိုက်ခတ်ရာလမ်းကြောင်း (အနောက်တောင်မုတ်သုံလေနှင့် အရှေ့မြောက်လေ) များကို တွက်ချက်၍ ပြတင်းပေါက်များကို နေရာချထားရမည်။ ပူသောလေသည် အပေါ်သို့ တက် သည်ဟူသော သိပ္ပံသဘောတရားကို အသုံးချကာ အဆောက်အအုံ၏ အမိုးပိုင်း သို့မဟုတ် အထက် ပိုင်းတွင် လေထွက်ပေါက်များ ထားရှိပေးခြင်းဖြင့် အခန်းတွင်းရှိ လေပူများကို သဘာဝအတိုင်း စုပ်ထုတ် ပေးနိုင်သည်။ မြန်မာ့ရိုးရာအိမ်များရှိ စိန်တောင်များ၊ လေဝင်ပေါက်များသည် ဤသဘောတရားကို အသုံးချထားခြင်းဖြစ်သည်။
နေရောင်ခြည်ကာကွယ်ခြင်းနှင့် သဘာဝအလင်းရောင်
မှန်ချပ်များလွန်းသော အဆောက်အအုံများက မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လုံးဝမကိုက်ညီပါ။ အပူစုပ်ယူမှုများပြားလွန်းသဖြင့် အဲကွန်းပိုမိုအလုပ် လုပ်ရသည်။ နံရံဧရိယာ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်သာ ပြတင်းပေါက်ထားရှိသင့်သည်။ အမိုးစွန်းများကို ရှည်လျားစွာထုတ်ခြင်း (အနည်းဆုံး ၃ ပေမှ ၄ ပေအထိ)ကြောင့် နွေရာသီမွန်းတည့်ချိန်တွင် နေရောင်ခြည်အိမ်ထဲသို့ တိုက်ရိုက်မဝင်နိုင်အောင် ကာကွယ်ပေးပြီး လုံလောက်သော သဘာဝအလင်း ရောင်ကိုမူရရှိစေသည်။ ၎င်းသည် လျှပ်စစ်မီးသုံးစွဲမှုကို သိသာစွာ လျှော့ချပေးသည်။
သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေရန်နှင့် ကာဗွန်ခြေရာ လျှော့ချရန် မိမိဒေသတွင် အလွယ် တကူရနိုင်သော ပစ္စည်းများကို အသုံးပြုခြင်းသည် စရိတ်သက်သာသော Green Concept ဖြစ်သည်။ မြေကြီးကို သိပ်သည်းစွာရိုက်၍ နံရံပြုလုပ်ခြင်းသည် အပူဒဏ်ကို အလွန်ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပြီး နေ့ဘက်တွင် အပူကို စုပ်ယူထားကာ ညဘက်တွင် ပြန်လည်ထုတ်လွှတ်ပေးသည့် (Thermal Mass) အကျိုးကျေးဇူးကို ရရှိစေသည်။ ဝါးသည် သံမဏိကဲ့သို့ ဆွဲဆန့်ခံနိုင်ရည်ရှိပြီး အလွန်လျင်မြန်စွာ ပြန်လည်ရှင်သန်နိုင်သော အပင်ဖြစ်သဖြင့် အနာဂတ် Green Building များအတွက် အကောင်းဆုံးသော ဆောက်လုပ်ရေးပစ္စည်း ဖြစ်လာနေသည်။
အဆင့်မြင့် ကွန်ဒိုမီနီယမ်များနှင့် မြို့ပြအိမ်ရာ စီမံကိန်းကြီးများ (ဥပမာ - နေပြည်တော်၊ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများရှိ အိမ်ရာသစ်များ) တွင် နေထိုင်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် သီးသန့်စိမ်းလန်းသော အများပြည်သူနေရာများ ဖန်တီးပေးခြင်းသည် အိမ်ရာ၏တန်ဖိုးကို မြှင့်တင်ပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ များစွာအကျိုးပြုပါသည်။
မြို့ပြများတွင် ကွန်ကရစ်နှင့် ကတ္တရာလမ်း များပြားမှုကြောင့် ပတ်ဝန်းကျင်ထက် အပူချိန်ပိုမြင့် နေတတ်သည့် Urban Heat Island Effect ကို လျှော့ချရန် လိုအပ်သည်။ အိမ်ရာစီမံကိန်းဧရိယာ ၏ အနည်းဆုံး ၂၀ မှ ၃၀ ရာခိုင်နှုန်းကို သစ်ပင်များ၊ ဥယျာဉ်များအတွက် ဖယ်ချန်ထားရမည်။ အရိပ် ကျယ်ပြန့်စွာရသော ဒေသခံအပင်များ (ဥပမာ- ပိတောက်၊ စိန်ပန်း၊ ခရေ၊ မဟော်ဂနီ)ကို စိုက်ပျိုးခြင်း ဖြင့် ပတ်ဝန်းကျင်အပူချိန်ကို ၂ မှ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ လျှော့ချပေးနိုင်သည်။
ရေကြီးရေလျှံမှု ကာကွယ်ရေးသည် မြို့ပြအုပ်ချုပ်ရေးတွင် အရေးအကြီးဆုံးသော ကဏ္ဍ တစ်ခုဖြစ်သည်။ Sponge City (ရေမြှုပ်ကဲ့သို့ ရေကို စုပ်ယူနိုင်သောမြို့) အယူအဆကို အိမ်ရာများတွင် ထည့်သွင်းရမည်။ လူသွားလမ်းများနှင့် ကားပါကင်များတွင် ရိုးရိုးကွန်ကရစ်ခင်းခြင်းအစား ရေစိမ့်ဝင်နိုင်သော ဘလောက်တုံးများသုံးခြင်းဖြင့် မိုးရေများကို မြေအောက်ရေကြောထဲသို့ ပြန်လည်စိမ့်ဝင်စေသည်။ အိမ်ရာလမ်းဘေးဝဲယာများတွင် ရေမြောင်း များကို ကွန်ကရစ်များဖြင့် ပိတ်လှောင်မည့်အစား ရေစစ်ထုတ်ပေးနိုင်သော မြေဆီလွှာနှင့် အပင်များ စိုက်ပျိုးထားသောမြောင်းများ ပြုလုပ်ရမည်။ ယင်းသည် မိုးရေစီးဆင်းမှုမှ အညစ်အကြေးများကို သဘာဝအတိုင်း သန့်စင်ပေးပြီး ရေလွှမ်းမိုးမှုကို နှေးကွေးစေသည်။
အမိုးပေါ်ဥယျာဉ်များနှင့် ဒေါင်လိုက်စိမ်းလန်းစိုပြည်ရေး
မြေနေရာရှားပါးသော အဆင့်မြင့်ကွန်ဒိုများတွင် အမိုးပေါ်၌ မြေသားခင်း၍ အပင်များစိုက်ပျိုးခြင်း သည် အဆောက်အအုံအတွင်းသို့ အမိုးမှတစ်ဆင့် အပူဝင်ရောက်မှုကို ကြီးမားစွာ ကာကွယ်ပေးသည်။ အဆောက်အအုံ၏ နံရံများ၊ လသာဆောင်များတွင် ချိတ်ဆွဲအပင်များ စိုက်ပျိုးခြင်းဖြင့် အဆောက်အအုံ၏ အလှအပကို တိုးတက်စေရုံသာမက လေထုအတွင်းရှိ ဖုန်မှုန့်များနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးသည်။
စွမ်းအင်စီမံခန့်ခွဲမှုသည် ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးရေးအတွက် အသက်တမျှ အရေးကြီး သည်။ စွမ်းအင်ချွေတာခြင်းသည် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို သိသာစွာ လျှော့ချနိုင်သောအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
အဆောက်အအုံတစ်ခုလုံးရှိ မီးသီးများကို စွမ်းအင်စားသက်သာသော LED မီးများ အသုံးပြု ခြင်းဖြင့် မီးလင်းအားစနစ်အတွက် ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းအထိ ချွေတာနိုင်သည်။ လူသွားလမ်း များ၊ လှေကားထစ်များနှင့် ကားပါကင်များတွင် လူအသွားအလာရှိမှသာ မီးလင်းစေမည့် Motion Sensors များ တပ်ဆင်ခြင်းနှင့် ပြတင်းပေါက်အနီးရှိ မီးများကို နေ့ခင်းဘက်တွင် အလိုအလျောက် ပိတ်ပေးမည့် Daylight Sensors များ အသုံးပြုခြင်း တို့ဖြစ်ပါသည်။
အဆင့်မြင့်အိမ်ရာများတွင် ရိုးရိုးလေအေးပေး စက်များအစား အခန်းတွင်း အပူချိန်အလိုက် လျှပ်စစ် စားသုံးမှုကို အလိုအလျောက်ချိန်ညှိပေးသော Inverter နည်းပညာသုံးစက်များနှင့် Variable Refrigerant Flow (VRF) စနစ်များကို မဖြစ်မနေ အသုံးပြုရမည်။
နံရံများနှင့် အမိုးများတွင် အပူလျှပ်ကာများ (ဥပမာ - Glass wool, EPS foam, PU foam) ထည့်သွင်းခြင်း၊ ပြတင်းပေါက်များတွင် နေရောင်ခြည်ဒဏ်ခံမှန်များ (Low-E Glass သို့မဟုတ် Double Glazing) အသုံးပြုခြင်းဖြင့် အအေးဓာတ် အပြင်သို့ ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစနစ်များကို အဆောက်အအုံများ၏ အမိုးပေါ် တွင် တပ်ဆင်ခြင်းသည် မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်သည်။ နေ့လယ်ဘက် အဲကွန်းသုံးစွဲမှု အများဆုံးအချိန်တွင် ဆိုလာမှထွက်ရှိသော လျှပ်စစ်ဖြင့် အစားထိုးနိုင်သဖြင့် လျှပ်စစ်မီတာခကို များစွာ သက်သာစေသည်။ အဆင့်မြင့်အိမ်ရာများတွင် အများပြည်သူသုံးနေရာများ (လမ်းမီးများ၊ ဓာတ် လှေကားများ၊ ရေတင်စက်များ)အတွက် လိုအပ်သော လျှပ်စစ်ကို ဆိုလာစနစ်မှ ရယူသင့်သည်။
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု
အိမ်ရာများတွင် အမှိုက်ကို 3R စနစ် (Reduce၊ Reuse ၊ Recycle) နှင့် အရင်းအမြစ်ကတည်းက အမှိုက်ခွဲခြားပစ်နိုင်ရန် အထပ်တိုင်းတွင် စက္ကူ၊ ပလတ်စတစ်၊ ဖန်နှင့် ဆွေးမြည့်လွယ်သော အမှိုက် ဟူ၍ အရောင်ခွဲခြားထားသော သီးသန့်အမှိုက်ပုံးများ ထားရှိပေးရမည်။ မီးဖိုချောင်ထွက် အစားအစာ အကြွင်းအကျန်များနှင့် သစ်ရွက်ခြောက်များကို စည်ပင်အမှိုက်ကားဖြင့် သယ်ဆောင်ခြင်းမပြုဘဲ အိမ်ရာဝင်းအတွင်း၌ပင် အလိုအလျောက်မြေဆွေး ပြုလုပ်သည့်စက်များဖြင့် သဘာဝမြေဩဇာအဖြစ် ပြောင်းလဲကာ ဥယျာဉ်များတွင် ပြန်လည်အသုံးပြုရမည်။ Circular Economy (စက်ဝိုင်းပုံ စီးပွားရေး စနစ်)၏ အခြေခံဖြစ်သည်။
ရေချိုးခန်းနှင့် လက်ဆေးဘေစင်များမှ ထွက်လာသော ရေဆိုးများကို အိမ်သာများမှ ထွက်သောရေဆိုးနှင့် မရောနှောဘဲ သီးသန့်ပိုက် လိုင်းဖြင့် စုစည်းရမည်။ ထို့နောက် အိမ်ရာအတွင်းရှိ အသေးစားသန့်စင်စနစ်ဖြင့် သန့်စင်ပြီး အိမ်သာ ရေဆွဲခြင်းနှင့် ပန်းပင်ရေလောင်းခြင်းများအတွက် ပြန်လည်အသုံးပြုခြင်းဖြင့် ရေချိုသုံးစွဲမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။ မြန်မာနိုင်ငံသည် မိုးများသောနိုင်ငံဖြစ်သဖြင့် မိုးတွင်းကာလတွင် အမိုးမှကျလာသော မိုးရေများကို ရေကန်ကြီးများ ဖြင့် စုဆောင်းကာ ရေရှားပါးသော နွေရာသီတွင် အသုံးပြုနိုင်ရန် သို့မဟုတ် မြေအောက်ရေကြော အတွင်းသို့ ပြန်လည်ဖြည့်တင်းရန် ပြင်ဆင်ထားသင့်သည်။ ရေသုံးစွဲမှုနည်းသော အိမ်သာများ၊ လေဖြင့် ရောစပ်ထားသော ရေပန်းခေါင်းများနှင့် ရေချွေတာသော ရေချိုးခေါင်းများကို အသုံးပြုခြင်း ဆောင်ရွက်ထားရှိရမည်ဖြစ်ပါသည်။
အခြားသော အရေးကြီးသည့် Green Concept များ အဆောက်အအုံအတွင်း လေထုအရည်အသွေး
လူအများစုသည် မိမိတို့အချိန်၏ ၉၀ ရာခိုင်နှုန်း ကို အဆောက်အအုံများအတွင်း ဖြတ်သန်းကြသဖြင့် အတွင်းပိုင်း လေထုသန့်စင်ရေးသည် ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပါသည်။ အငွေ့ပြန်လွယ်သော ဓာတုပစ္စည်းပါဝင်မှုနည်းသည့် ဆေးသုတ် ပစ္စည်းများ၊ ကော်များ၊ ကော်ဇောများနှင့် သစ်သားများကို အသုံးပြုခြင်းဖြင့် အခန်းတွင်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်သည်။ လူစည်ကားသော အခန်းများတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို တိုင်းတာ၍ လေထုညစ်ညမ်းလာပါက အပြင်မှ လေသစ်ကို အလိုအလျောက်သွင်းပေးမည့် စနစ်များ တပ်ဆင်ခြင်းတို့ဖြစ်သည်။
ဆောက်လုပ်ရေးပစ္စည်းများ ရွေးချယ်ရာတွင် ပစ္စည်းထုတ်လုပ်စဉ်ကတည်းက ကာဗွန်ထုတ်လွှတ် မှု မည်မျှရှိခဲ့သည်ကိုပါ ထည့်သွင်းတွက်ချက်သည့် စနစ်ဖြစ်သည်။ ဥပမာ - သံမဏိနှင့် ဘိလပ်မြေသည် Embodied Carbon အလွန်မြင့်မားသဖြင့် အစားထိုး ပစ္စည်းများ သို့မဟုတ် ပြန်လည်အသုံးပြုထားသော ပစ္စည်းများကို ဦးစားပေးရွေးချယ်ခြင်းဖြစ်သည်။
Green Building များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် စည်ပင်သာယာ ရေးကော်မတီများနှင့် မြို့ပြအုပ်ချုပ်သူများ၏ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှုအပေါ်တွင် မူတည်နေပါသည်။ ရေတိုစီမံကိန်းများမှသည် ရေရှည်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာများအထိ ဤအယူအဆများကို ထည့်သွင်းပေါင်းစပ်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းများတွင် Green Building ဆိုင်ရာ အခန်း များကို ပိုမိုတိကျစွာပြဋ္ဌာန်းရန် လိုအပ်သည်။ ဥပမာ- အထပ်မြင့်အဆောက်အအုံသစ်များ ဆောက်လုပ်ခွင့် ပြုရာတွင် အနည်းဆုံးရရှိရမည့် စွမ်းအင်ချွေတာမှု ရာခိုင်နှုန်း၊ ပါဝင်ရမည့် Green Space ဧရိယာများကို မဖြစ်မနေ ထည့်သွင်းသတ်မှတ်ရမည်။
မက်လုံးပေးစနစ်များ
အပြစ်ပေးအရေးယူခြင်းထက် မက်လုံးပေး ဆွဲဆောင်ခြင်းက ပိုမိုထိရောက်ပါသည်။ Green Building စံနှုန်းများနှင့်ကိုက်ညီအောင် တည်ဆောက်သော Developer များကို မူလခွင့်ပြုထားသော အဆောက်အအုံအထပ်အရေအတွက် သို့မဟုတ် ဧရိယာထက် ပိုမိုဆောက်လုပ်ခွင့်ပေးခြင်း။ (ဥပမာ- စင်ကာပူ BCA Green Mark တွင် ကျင့်သုံးသော စနစ်နှင့် အစိမ်းရောင်နည်းပညာသုံးပစ္စည်းများ (ဆိုလာပြား၊ စွမ်းအင်ချွေတာရေးစက်ပစ္စည်းများ) တင်သွင်းရာတွင် အခွန်လျှော့ပေါ့ပေးခြင်း)တို့ဖြစ် ပါသည်။ Green Building အဖြစ် လျှောက်ထားသော ပရောဂျက်များကို ဆောက်လုပ်ခွင့်ပါမစ် ချထားပေးရာတွင် အမြန်လမ်းကြောင်း (Green Lane) ဖြင့် ဆောင်ရွက်ပေးခြင်းတို့ဖြစ်သည်။
စိမ်းလန်းသောအဆောက်အအုံများ၏ အနာဂတ်သည် ရွေးချယ်စရာ လမ်းစဉ်တစ်ခုမဟုတ်တော့ဘဲ မဖြစ်မနေလျှောက်လှမ်းရမည့် မဟာဗျူဟာမြောက် လမ်းကြောင်းတစ်ခုဖြစ်လာပြီဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာမှု၊ သယံဇာတရှားပါးလာမှုနှင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုများကြောင့် မြို့ပြ တည်ဆောက်ရေးနည်းစနစ်များကို အမြန်ဆုံး ပြောင်းလဲကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဈေးကြီးသော နည်းပညာများကို တိုက်ရိုက်ကူးယူခြင်းထက် မိမိတို့၏ ရာသီဥတု၊ ဒေသတွင်းပစ္စည်းများနှင့် ကိုက်ညီသော Passive Design များကို ငွေကြေး မကုန်ကျဘဲ စနစ်တကျအသုံးချရန် အထူးအရေးကြီးပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အဆောက်အအုံများ၏ မျက်နှာမူရာကို မှန်ကန်စွာရွေးချယ်ခြင်း၊ သဘာဝလေဝင်လေထွက်နှင့် အလင်းရောင်ကို အသုံးချခြင်းတို့သည် အလွန်ရိုးရှင်းသော်လည်း အထိရောက်ဆုံးသော နည်းလမ်းများဖြစ်သည်။ အဆင့်မြင့်အိမ်ရာများတွင်လည်း အစိမ်းရောင် နယ်မြေများ၊ စွမ်းအင်ချွေတာရေးနည်းပညာများနှင့် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချရေးစနစ်များကို စနစ်တကျပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် သန့်ရှင်းသပ်ရပ်ပြီး ရေရှည်တည်တံ့သော မြို့ပြများကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မြို့ပြအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးကဏ္ဍတွင် တာဝန်ရှိသူများ အနေဖြင့် အဆောက်အအုံဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို အဆင့်မြှင့်တင်ခြင်း၊ မက်လုံးပေး စနစ်များ ဖန်တီးပေးခြင်းနှင့် အများပြည်သူအား အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် Green Building သဘောတရားများကို လက်တွေ့အကောင်အထည် ဖော်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်ရုံသာမက နိုင်ငံ၏ စွမ်းအင်လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူနေမှုဘဝအဆင့်အတန်းကိုပါ များစွာမြှင့်တင်ပေးနိုင်မည့် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
မှီငြမ်းကိုးကားစာရင်း
၁။ World Green Building Council (WGBC)- Global Status Report for Buildings and Construction.
၂။ International Finance Corporation (IFC)- EDGE (Excellence in Design for Greater Efficiencies) Standards.
၃။ Leadership in Energy and Environmental Design (LEED) V4.1 Guidelines by USGBC.
၄။ Building and Construction Authority (BCA) Singapore - Green Mark Certification Scheme.
၅။ ASEAN Green Building Codes and Energy Efficiency Guidelines.
၆။ Myanmar National Building Code (MNBC) - Energy Efficiency and Sustainability Chapters.
၇။ Principles of Sustainable Urban Gover-nance and Smart City Frameworks.


