လွန်ခဲ့သော ငါးနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ အပြုသဘောဆောင်သော တိုးတက်မှုများ ဖြစ်ပေါ်ခဲ့ 

ကဘူး   ဩဂုတ်   ၁၆

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင်က လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အပြုသဘောဆောင်သော တိုးတက်မှုများကို မီးမောင်းထိုးပြခဲ့ကြောင်း အာဖဂန်နစ္စတန်အစိုးရ၏ တရားဝင် နိုင်ငံပိုင် ဘတ်ထာသတင်းဌာနက ယနေ့ သတင်းဖော်ပြခဲ့သည်။

လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်း၊ ဘိန်းစိုက်ပျိုးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများရရှိလာခြင်းနှင့် ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်နိုင်ခြင်းအပါအဝင် အပြု သဘောဆောင်သော တိုးတက်မှုများစွာကို အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင်က ထောက်ပြပြောဆိုခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်လက်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကို ပံ့ပိုးကူညီရန် တိုက်တွန်းခဲ့ပြီး နိုင်ငံအတွင်း တည်ငြိမ်မှုထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် အဆင်ပြေကောင်းမွန်သောအခြေအနေများ ဖန်တီးပေးရေးတို့တွင် နိုင်ငံတကာ၏ ဆက်လက်ထိတွေ့ဆက်ဆံမှုသည် အရေးပါကြောင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးမစ်ရှင်က အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရန်နှင့် နိုင်ငံ၏ ရေရှည်လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၏ အရေးပါမှုကိုလည်း အဆိုပါမစ်ရှင်အဖွဲ့က အလေးပေးဖော်ပြခဲ့သည်။               

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်