ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေး ပူးပေါင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် မြို့နယ်ရဲစခန်းများမှ တပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အုပ်ချုပ်‌ရေးအဖွဲ့များနှင့် ပူးပေါင်း၍ မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်ရေးတို့ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် သီရိမြင့်မိုရ်နှင့် တပ်ဖွဲ့ဝင်များသည် အမှတ်(၃) ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံး၌ ပြည်သူများအား မှုခင်းအသိပညာပေး ဟောပြောခြင်း၊ သုံးခွမြို့နယ် ညောင်လန်းကုန်း ရဲကင်းမှူး ဒုရဲအုပ်အောင်သူဖြိုးနှင့် တပ်ဖွဲ့ဝင်များသည် အမောင်းကျေးရွာ၌ နေအိမ်အတွင်းမှုခင်း အသိပညာပေးခြင်းနှင့် ဗဟန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ကမ္ဘာအေး လမ်းပေါ်၌ ပြည်သူများ လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယမန်နေ့ညပိုင်းကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်နှင့် ပူးပေါင်းအဖွဲ့သည် လှော်ကားလမ်းပေါ်၌ ယာဉ်ပိတ်ဆို့စစ်ဆေးခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ကျော်နှင့် တပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်ခြင်းနှင့် ဗိုလ်တထောင်မြို့နယ် မြို့မရဲစခန်းမှ ခေတ္တနယ်ထိန်း ဒုရဲအုပ် အောင်ကိုကိုပိုင်နှင့် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့သည် အမှတ်(၉) ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

ဓာတ်ပုံ - တိုင်းရဲတပ်ဖွဲ့