ဝါရှင်တန် ဩဂုတ် ၁၅
အီရန်နိုင်ငံနှင့် ပဋိပက္ခတွင် အထောက်အပံ့ပေးရန် ရက်ပေါင်း ၂၅၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန်လေယာဉ်တင်သင်္ဘော အီဘရာဟင်လင်ကွန်းနေရာတွင် အစားထိုးရန်အတွက် အမေရိကန်တပ်မတော်က လေယာဉ်တင်သင်္ဘော ဂျော့ဝါရှင်တန်ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့ကြောင်း အမေရိကန်မီဒီယာများက တာဝန်ရှိသူများကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန်လေယာဉ်တင်သင်္ဘော ဂျော့ဝါရှင်တန်သည် ပစိဖိတ်ဒေသ၌ အမေရိကန်ရေတပ်၏ ရှေ့တန်းတွင် အဓိကထားတာဝန်ထမ်းဆောင်ရန် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ထားသည့် မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားလာလျက်ရှိသည်။
စင်ကာပူရေလက်ကြားကို ဖြတ်ကျော်ပြီးနောက် အဆိုပါလေယာဉ်တင်သင်္ဘောသည် အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း အမေရိကန်ရေတပ် အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
အခြေခံလိုအပ်သောပစ္စည်းများ ပြတ်လပ်မှု၊ ရေညစ်ညမ်းမှု၊ ရေပိုက်စနစ်ဆိုင်ရာ ပြဿနာများ၊ သင်္ဘောကုန်းပတ် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ စာတိုက်ဝန်ဆောင်မှု အနှောင့်အယှက်ဖြစ်မှုများနှင့် သင်္ဘောသားများ၏ စိတ်ကျန်းမာရေး ထိခိုက်လာမှုများအပါအဝင် အမေရိကန်လေယာဉ်တင်သင်္ဘော အီဘရာဟင်လင်ကွန်းသင်္ဘောပေါ်ရှိ အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ သင်္ဘောအသစ်စေလွှတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အီရန်နိုင်ငံနှင့် ပဋိပက္ခအတွင်း တာဝန်ထမ်း ဆောင်ချိန်ကို သက်တမ်းတိုးမြှင့်ထားစဉ် အမေရိကန် လေယာဉ်တင်သင်္ဘော အီဘရာဟင်လင်ကွန်း သင်္ဘောသည် ရက်ပေါင်း ၂၀၀ ကြာ ဆိပ်ကမ်းသို့ ဝင်ရောက်ရပ်နားခြင်းမရှိဘဲ ပင်လယ်ပြင်တွင် ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ယင်းသို့ တာဝန်ထမ်းဆောင်သည့် ရက်အရေအတွက် အများဆုံး စံချိန်သစ်တစ်ခုတင်ခဲ့ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ရစ်ချက်စ်ဘလူမန်သယ်လ်က ပြောကြားခဲ့သည်။
စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်တပ်မတော်က ၎င်းတို့၏ MQ-9 Reaper ဒရုန်းမောင်းသူမဲ့လေယာဉ်များ၏ ၂၅ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးခဲ့ရကြောင်း အမေရိကန်တာဝန်ရှိသူ သုံးဦးကို ကိုးကား၍ သည်ဝါရှင်တန်ပို့စ် သတင်းစာက ယမန်နေ့တွင် သတင်းဖော်ပြခဲ့သည်။
ဒရုန်းတစ်စင်းစီတွင် တပ်ဆင်ထားသည့် အာရုံခံကိရိယာများနှင့် လက်နက်အမျိုးအစားများအပေါ် မူတည်၍ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ မှ သန်း ၅၀ အထိရှိနိုင်ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


