မြန်အောင်တာ တာမိုင် ၆/၇ - ၇/၀ အတွင်း စွန့်ပစ်တာအနီး ကမ်းပြိုကမ်းစား လျော့ပါးသက်သာစေရန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဩဂုတ် ၁၅

 

မြန်အောင်မြို့နယ်ရှိ မြန်အောင်တာ တာမိုင် ၆/ ၇ - ၇/ ၀ အတွင်း စွန့်ပစ်တာအနီး ကမ်းပြိုကမ်းစားလျော့ပါးသက်သာစေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေကင်းစခန်းတွင် အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု၊ ပန်းတာကြံ့ခိုင်မှုအခြေအနေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် တာတမံထိခိုက်စေနိုင်သည့်အချက်များ တွေ့ရှိပါက အချိန်မီကာကွယ်နိုင်ရေး လုပ်ငန်းစဉ်များ၊ သတိပြုရမည့်အချက်များ၊ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ စုဆောင်းထားရှိသည့် အရေးပေါ်ပစ္စည်းများကို လိုအပ်သည့် နေရာများသို့ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး၊ ထပ်မံလိုအပ်ပါက ရေလမ်း၊ ကုန်းလမ်းမှ ဖြည့်စွက်ထားရှိနိုင်ရေး ကြိုတင်စီစဉ်ထားရန်၊ အရေးပေါ်အခြေအနေ ကြုံတွေ့လာပါ ထိရောက်လျင်မြန်စွာ တုံ့ပြန်ကာကွယ်နိုင်ရေး ကျေးရွာများတွင် ရေဘေးကာကွယ်ရေး အရေးပေါ်ဆောင်ရွက်မှုများ ကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ချက်ချင်းလုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားသည်။

 

ထို့ပြင် တာဝန်ရှိသူများ၊ ဒေသခံမြို့မမြို့ဖများနှင့်တွေ့ဆုံပြီး ဒေသနေပြည်သူများကိုယ်တိုင် ပါဝင်သော အရပ်ရေကင်းစခန်းများနှင့် ဌာန၏ ရေကင်းစခန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေမှု၊ တာတမံကြံ့ခိုင်မှု၊ မိုးကာလရေကင်းတာဝန်ချ လှည့်လည်ဇယားများ၊ အရေးပေါ်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါခရီးစဉ်တွင် ဓနုဖြူ မြို့နယ်အတွင်း တာမိုင် (၄၃/ ၃) ရှိ အလမျိုးရေကင်းစခန်း မြို့မဒေသစိတ်၊ တာမိုင် (၄၆/ ၃) ရှိ မရမ်းချောင်းရေကင်းစခန်း မြို့မဒေသစိတ်၊ ညောင်တုန်းမြို့နယ်အတွင်း တာမိုင် (၆၇/ ၄) ရှိ ကြိမ်ပင်ဆယ်ရေကင်းစခန်း စက္ကော့ဒေသစိတ်နှင့် ညောင်တုန်းကျွန်းတာ တာမိုင် (၂၄/၁) ရှိ ဝါးတောရေကင်းစခန်း၊ မအူပင်မြို့နယ် မအူပင်ကျွန်းတာ (တောင်ပိုင်းတာ) တာမိုင် (၇/ ၀) ရှိ မင်းဘောရေတံခါး ကြံ့ခိုင်မှု၊ ရေဝင်ရေထွက် အခြေအနေနှင့် ကျိုက်လတ်မြို့နယ် လတာကြီးကျေးရွာအနီး တာမိုင် (၁၈/ ၀) ကမ်းပြိုကမ်းစားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်