တိုကျို ဩဂုတ် ၁၄
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားနှင့် ဘတ်စ်ကားဝန်ဆောင်မှုတို့ ယာယီရပ်နားထားသည့် အတွက် ခရီးသည် ၇၀၀၀ ခန့်မှာ ဩဂုတ် ၁၃ ရက်က ချီဘာစီရင်စုရှိ နာရီတာလေဆိပ်တွင် သောင်တင်ကာ တစ်ညလုံး စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
လေဆိပ်အတွင်းရှိ ကန့်သတ် ထားသောနေရာတွင် ခရီးသည် အချို့ကို ညအိပ်စက်ခွင့် ပေးခဲ့သည်။ တိုကျိုမြို့အပြင်ဘက်ရှိ အဆိုပါလေဆိပ်ကို အဓိကစီမံ ခန့်ခွဲသူများသည် ခရီးသွားများအတွက် အစားအစာ၊ ရေသန့်နှင့် အိပ်ရာခင်းအိတ်များ ထောက်ပံ့ပေးခဲ့သည်။
ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ရထားနှင့် ဘတ်စ်ကားများ ပြေးဆွဲမှု ပြန်လည်စတင်ခဲ့သည့် အတွက် ခရီးသည်များ တန်းစီ၍ စောင့်ဆိုင်းခဲ့ကြသည်။ လေယာဉ် ခရီးရှည်စီးလာပြီး လေဆိပ်တွင် ညအိပ်ခဲ့ရသည့်အတွက် အလွန်ပင်ပန်းကြောင်း ဆန်ဖရန်စစ္စကိုမြို့မှ ခရီးသွားတစ်ဦးက ပြောသည်။
အင်န်အိတ်ချ်ကေ


