မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ 21 PARADISE NATURAL HOT SPRING (သဘာဝရေပူစမ်း)နှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မော်လမြိုင် ဩဂုတ် ၁၄

မွန်ပြည်နယ်အတွင်းဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝအခြေပြုခရီးသွား လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဝန်ဆောင်မှုအဆင့်အတန်း မြှင့်တင်နိုင်ရေးအတွက် သံဖြူ ဇရပ်မြို့နယ် ဝဲကလိကျေးရွာ 21 PARADISE NATURAL HOT SPRING (သဘာဝရေပူစမ်း)ရှိ ရေပူစမ်းကန်များ၊ ရေကူးကန်၊ ရေစိမ်ကန်၊ ခရီးသွားဧည့်သည်များ အနားယူရန်စီစဉ်ဆောင်ရွက်ထား ရှိမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် သံဖြူဇရပ်မြို့နယ် အောင်ကုသိုလ်ရပ်ရှိ ASIA HMT ကုမ္ပဏီပိုင် ဒူးရင်းခြံဧက ၂၉၀ ၌ ဒူးရင်းပင် ၁၄၀၀၀ အောင်မြင်စွာ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို သွက်လက်မြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပေးကြရန်၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 စည်သူ(ပြန်/ဆက်)