ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေး ဩဂုတ် ၁၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (တိုင်းဒေသကြီးအဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားပြီး အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ခင်းကျင်းပြသထားသည့်ပြခန်းငယ်များ၊ ကျောင်းသား ကျောင်းသူတစ်ဦးချင်း၏ ကျန်းမာ ရေးစစ်ဆေးမှုများနှင့် ငှက်ပျောသီး၊ ကြက်ဥ၊ သီးစုံပဲဟင်း စုံလင်စွာ ပါဝင်သည့် ကျောင်းတွင်းအာဟာရ ဖြည့်စွက်စာ ကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးပြီး Grade-6 မှ Grade-12 အထိ ကျောင်းသား ကျောင်းသူများအား  ဗီတာမင်အေ၊ သန်ချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်