သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၄

အဖျောက်မြို့၏ ဧရာဝတီ မြစ်ရေဝင်ရောက်မှုနှင့် မြစ်ကမ်းပါးများကြံ့ခိုင်မှု အခြေအနေ၊ အဖျောက်မြို့ ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအပေါ် စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်ထားရှိမှု၊ ရေကြီးရေလျှံမှု ဖြစ်ပွားပါက ကယ်ဆယ်ရွှေ့ပြောင်းရေးအတွက် ရေယာဉ်အား တစ်ဦးချင်း လက်တွေ့ မောင်းနှင် လေ့ကျင့်နေမှုနှင့် တိုက်ကြီးမြို့နယ် ပန်းတုန်းပိတ်ကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်တို့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့ပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် တိုက်ကြီးမြို့နယ် အဖျောက်(၃)ရပ်ကွက် ငွေဥဒေါင်း ခန်းမ၌ ရိက္ခာနှင့် ဆေးဝါးများ၊ ကာကွယ်ရေး ပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပသည့် တိုင်းဒေသကြီး အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခြေခံ ပညာကျောင်းများမှ အထက်တန်း ကျောင်းသား ကျောင်းသူများ၏ အာဟာရပြည့်ဝ တန်ဖိုးမျှ ချက်ပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ချက်ပြုတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများနှင့် ကူညီဆောင်ရွက် ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)