ဘားအံမြို့ ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

ဘားအံ ဩဂုတ် ၁၄

ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်း လူနေရပ်ကွက်များ အတွင်း မြစ်ရေဝင်ရောက်သည့်အတွက် အဆိုပါရပ်ကွက်နေ ပြည်သူများအား ယာယီရေဘေး ရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ အမှတ်(၁)ရပ်ကွက်အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြကြေးမုံဆောင် ယာယီရေဘေးရှောင်စခန်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်၍ ပြည်သူများအား အားပေးစကားပြောကြားသည်။

ထိုသို့ တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေကျပ် ၆၄၀၀၀ဝ၊ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများ ကို ပေးအပ်ကြသည်။

ထို့အတူ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော် ယာယီရေဘေးရှောင်စခန်းနှင့် အမှတ် (၅)ရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမ ယာယီရေဘေးရှောင်စခန်းတို့ရှိ ရေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေနှင့် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်ဥ အစရှိ သည့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ကြသည်။

နံနက်ပိုင်းကလည်း ဘားအံ စက်မှုဇုန် အနောက်ဘက်ရှိ လျှိုပိတ်ဆည် အမှတ်(၁)၌ ကျင်းပသည့် ငါးမျိုးများစိုက်ထည့်ပွဲသို့ တက်ရောက်ကာ ငါးခုံးမကြီး ကောင်ရေ ၅၀၀၀၀ နှင့် ငါးမြစ်ချင်း ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ကောင်ရေ တစ်သိန်းကို ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)