ရန်ကုန် ဩဂုတ် ၁၄
အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်း စစ်ရေးပြအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပသည်။
ပေးအပ်
အခမ်းအနားတွင် နိုင်ငံတော် အလံအား အလေးပြုခြင်း၊ ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌအား သင်တန်းဆင်းတပ်ခွဲက အလေးပြုခြင်း၊ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဌာနများတွင် အရာထမ်းများအဖြစ် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လက်တွေ့ ကျကျစဉ်းစားပြီး ဆုံးဖြတ်ချက်ချနိုင်သည့် အသိဉာဏ်နှင့်ပြည့်စုံရန်၊ အကျိုးအကြောင်း ဆီလျော်စွာ တွေးတောဆင်ခြင်တတ်စေရန်၊ အရင်းအမြစ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး ရှင်းလင်းတိကျသော ညွှန်ကြား ချက်များပေးနိုင်ရန် လေ့ကျင့် ပေးခဲ့ပြီးဖြစ်ကြောင်း၊ “စည်းကမ်းသည် လူ၏တန်ဖိုး” ဖြစ်၍ အမှုထမ်းများ၏ စံနမူနာပြဖြစ်ရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် တိုက်တွန်းပြောကြား သည်။
အဆိုပါ အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ်(၁၅)ကို ဧပြီ ၂၇ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၅၂ ဦး၊ သင်တန်းသူ ၉၇ ဦး စုစုပေါင်း ၁၄၉ ဦး တက်ရောက်ကြသည်။
ဆက်လက်၍ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ စီမံဌာနများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ပညာရပ်အဖွဲ့နှင့်တွေ့ဆုံ၍ သင်တန်းအလိုက် ပို့ချသည့် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေး မှာကြားကာ ရတနာသိင်္ဃခန်းမ၌ အခြေခံပညာ ဆရာ ဆရာမများ အထူး မွမ်းမံသင်တန်းအမှတ်စဉ်(၁၁၅)နှင့် အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၃၇)တို့မှ သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


