မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ကို  ခန့်အပ်

ရန်ကုန်  ဩဂုတ်  ၁၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်အား ခန့်အပ်ခဲ့ပြီး စာချုပ်ချုပ်ဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ ခန်းမ၌ ကျင်းပသည်။   

စာချုပ်ချုပ်ဆိုပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က နည်းပြသစ်ခန့်အပ်ရခြင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း​၏ အနာဂတ်စီမံကိန်းနှင့် ၂၀၃၁ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိရေး ကြိုးပမ်းမည့်အစီအစဉ်များကို ပြောကြားသည်။ ယင်းနောက် နည်းပြသစ် ကောလင်းဘဲလ်နှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့  သုံးနှစ်သက်တမ်းစာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက် တက်ရောက်လာသော မီဒီယာများ​၏ မေးမြန်းမှုများအပေါ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် နည်းပြသစ် ကောလင်းဘဲလ်တို့က ပြန်လည်ဖြေကြားသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နည်းပြချုပ်နှစ်ဦး ပြောင်းလဲခဲ့ပြီး မေလတွင် ဂျပန်နိုင်ငံသား မစ်ဆုအိုကာတိုကို ခန့်အပ်ခဲ့သော်လည်း လပိုင်းအကြာတွင် အပြောင်းအလဲပြုလုပ်ပြီး  အင်္ဂလန်နိုင်ငံသား  ကောလင်းဘဲလ်ကို  ခန့်အပ်ခဲ့ခြင်းဖြစ်သည်။  ကောလင်းဘဲလ်သည် နည်းပြဘဝတွင် ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီ UEFA အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဖရန့်ဖတ်အသင်းကို ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးခဲ့သည်။  ထို့ပြင်  လက်ရွေးစင်အသင်းအနေဖြင့် အိုင်ယာလန်၊  တောင်ကိုရီးယားအမျိုးသမီးအသင်းများကို ကိုင်တွယ် ခဲ့ပြီး တရုတ် ယူ-၂၀ အမျိုးသမီးအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ် ကောလင်းဘဲလ်သည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဂျပန်နိုင်ငံ၌ကျင်းပမည့် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်