MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် Falcon အသင်း နိုင်ပွဲရယူ

ရန်ကုန်   ဩဂုတ်   ၁၃

MNL ယူ-၂၀   လူငယ်လိဂ်ပြိုင်ပွဲ  ပထမအကျော့နောက်ဆုံးရက် သတ္တပတ်ဖြစ်သည့်  ပွဲစဉ် (၁၃) ပထမနေ့ကို သြဂုတ် ၁၃ ရက်က YUSC ကွင်း၌ ကျင်းပရာ Falcon အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းဖြစ်သော Falcon အသင်းသည် ပထမအကျော့နောက်ဆုံးပွဲကို အနိုင်ရလဒ်ဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး သစ္စာအားမာန်အသင်းမှာမူ ယခုရှုံးပွဲကြောင့် အဆင့် ၄ နေရာအတွက် ဖိအားဝင်သွားခဲ့ရသည်။ Falcon အသင်းအတွက် အနိုင်ဂိုးများကို ဝင်းမင်းသန့်က ၅၁၊ ၇၀ မိနစ်တို့တွင် သွင်းယူခဲ့သည်။

ပွဲစဉ် (၁၃) ဒုတိယနေ့ကို သြဂုတ် ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌  ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာ သိပ္ပံအသင်း၊ သန်လျင်သီဟဒီပကွင်း၌ Galaxy အသင်းနှင့် Chinland အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MNL