အီရန်နိုင်ငံသို့ ဦးတည်ရွက်လွှင့်လာသည့် ပနားမားနိုင်ငံအလံတင် ကုန်တင်သင်္ဘောတစ်စင်းကို  အမေရိကန်တပ်ဖွဲ့က  ပစ်ခတ်တားဆီး

ဝါရှင်တန်  ဩဂုတ်  ၁၃

အီရန်နိုင်ငံသို့ ဦးတည်ရွက်လွှင့်လာသည့် ပနားမားနိုင်ငံအလံတင် ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့က  ပစ်ခတ်တားဆီးခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ကြေညာ

အီရန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုဆီသို့ ဦးတည်ရွက်လွှင့်ကာ အီရန်အပေါ် ချမှတ်ထားသော အမေရိကန်၏ ပိတ်ဆို့မှုများကို ချိုးဖောက်ရန် ကြိုးပမ်းခဲ့သည့် အဆိုပါသင်္ဘော၏ ဦးထိန်းစနစ်ကို ဖျက်ဆီးခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ယမန်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

သင်္ဘောသားများအနေဖြင့် သတိပေးချက်များကို လျစ်လျူရှုခဲ့ပြီးနောက် အမေရိကန်ရေတပ် ရဟတ်ယာဉ်တစ်စင်းက အဆိုပါသင်္ဘော၏ စက်ခန်းအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်တပ်ဖွဲ့က ယင်းသို့ တားမြစ်ပြီးနောက် အဆိုပါသင်္ဘောသည် အီရန်နိုင်ငံသို့ ဆက်လက်သွားရောက်ခြင်းမရှိတော့ကြောင်း  ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

ဇူလိုင် ၁၄ ရက်နေ့တွင် စတင်ခဲ့သော လက်ရှိရေကြောင်းပိတ်ဆို့မှုကာလအတွင်း   အခြားသင်္ဘောသုံးစင်းကို မောင်းနှင်၍မရနိုင်စေရန် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်