“မိုးယံမှသည် ချစ်သူဆီသို့” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်


နေပြည်တော် ဩဂုတ် ၁၃

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက် ရှိရာ ဩဂုတ် ၁၄ ရက် သောကြာနေ့ ညပိုင်းတွင် “မိုးယံမှသည် ချစ်သူဆီသို့ ” တေးဂီတဖျော်ဖြေပွဲကို တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်သည်။

 

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင် ရဲထိုက်၊ ဝိုင်းလမင်းအောင်၊ ဇော်ထွေးလတ်၊ အေးမြဖြူ၊ အိအိလှိုင်နှင့် ဖူးဧကရီဆောင်းတို့က ဝါခေါင်လ၏ ကြည်လင်သန့်ရှင်းသည့် မိုးရေစက်များ၏ အင်အားနှင့် စိမ်းလန်းစိုပြည်သာယာလှပအေးမြမှုနှင့်အတူ ဖူးငုံပွင့်လန်း တင့်ဆန်းနေကြသည့် မိုးရာသီပန်းများ အစီအရီနှင့် လောကအလှဆင်နေပုံ၊ ဝါခေါင်မိုးနှင့် ယှဉ်တွဲနေသည့် ရသချိုချို အချစ်အလွမ်းဇာတ်လမ်းများကို ခံစားပုံဖော်ပြီး သီဆိုဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 

“မိုးယံမှသည် ချစ်သူဆီသို့” တေးဂီတဖျော်ဖြေပွဲကို ဩဂုတ် ၁၄ ရက် သောကြာနေ့ ည ၉ နာရီခန့်တွင် မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channelနှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဩဂုတ် ၁၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်